ကမ္ဘာ့အသေးဆုံး မီးတောင်တွေထဲက တခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ အနီးရှိ ထားလ် မီးတောင်ဟာ စက်တင်ဘာလ ၂၂ ရက်က ပျမ်းမျှထက် ကျော်လွန်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေနဲ့ မီးတောင် မီးခိုးမြူတွေကို မှုတ်ထုတ်လိုက်တာကြောင့် အာဏာပိုင်တွေဟာ မြို့ကြီး၊ မြို့ငယ် အများအပြားရှိ စာသင်ကျောင်းတွေကို ပိတ်ခိုင်းလိုက်ရပါတယ်။
ကျောင်းသား ၅၈ ဦးထက်မနည်း မီးတောင်မှ မီးခိုးမြူတွေကြောင့် အသက်ရှူရ ခက်ခဲတာနဲ့ ရင်ဘတ်အောင့်တာ တွေ့ကြုံခံစားရပြီးနောက် ဘတန်းဂါ့စ်ပြည်နယ် အနီးနားရှိ ကျန်းမာရေးဆေးခန်းတွေကို ပို့ဆောင်ပေးခဲ့ရပါတယ်။
ဂရိတ်တား မနီလာနယ်မြေရှိ မြို့အများအပြားမှာ စာသင်တန်းတွေကို ဆိုင်းငံ့ထားပြီး ဒေသခံတွေကိုလည်း အိမ်ထဲမှာပဲနေဖို့နဲ့ အပြင်သွားတဲ့အခါ နှာခေါင်းစည်းတွေ တပ်ထားကြဖို့ တိုက်တွန်းထားတဲ့ ကျန်းမာရေးအကြံပေးချက်ကို မနီလာရဲ့ ဒေသဆိုင်ရာ အစိုးရက ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ မြို့တော်မှာ ကြုံတွေ့နေရတဲ့ မီးခိုးမြူတွေဟာ မီးတောင်ကြောင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိနိုင်တဲ့အပြင် တခြားညစ်ညမ်းမှုတွေကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြည်နယ် မိုးလေဝသအေဂျင်စီနဲ့ မီးတောင်ဗျူရိုက ရှင်းလင်းပြောပါတယ်။
ထားလ် မီးတောင်ဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတုန်းက ၁၅ ကီလိုမီတာအမြင့်လောက်ထိ ပြာတွေနဲ့ ရေနွေးငွေ့တွေကို မှုတ်ထုတ်ခဲ့ဖူးပြီး မနီလာမြို့တော်အထိတောင် ပြာတွေ ထူထူထပ်ထပ် ကျဆင်းလာမှုကြောင့် လူပေါင်း ၁ သိန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကာ ဒါဇင်နဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
Source/Photo-Reuters