Home
မြန်မာသတင်း
အိန္ဒိယ ပဲလိုအပ်ချက်ကြောင့် မြန်မာမတ်ပဲစျေးနှုန်း အမြင့်ဆုံးရောက်ရှိ
DVB
·
September 23, 2023
bean2392023

အိန္ဒိယနိုင်ငံမှာ မတ်ပဲလိုအပ်ချက်ချက် မြင့်မားပြီး မြန်မာပြည်က မတ်ပဲအဝယ်လိုက်တာကြောင့် မတ်ပဲစျေးနှုန်း အမြင့်ဆုံးကို ရောက်နေပြီလို့ ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီကသိရပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်စျေးနှုန်းအရ မတ်ပဲစျေးဟာ စက်တင်ဘာအစက ၁ တင်း (ပိဿာ၂၀) ကို ကျပ် ၇၈,၀၀၀ သာရှိခဲ့ရာမှ စက်တင်ဘာ ၂၁ ရက်နေ့မှာ ၁ တင်း ပိဿာ ၂၀ ကို ကျပ် ၈၇,၈၀၀ အထိ ရှိလာပြီး ၃ ပတ်အတွင်း ၁ တင်းကို ကျပ် ၉၈၀၀ အထိ မြင့်တက်လာပါတယ်။ 

အိန္ဒိယဟာ မနှစ်ကထက် ပဲမျိုးစုံစိုက်ဧက ၅ ရာခိုင်နှုန်းကျော် လျော့ကျနေတဲ့အပြင် အယ်နီညို ရာသီဥတုကြောင့် အထွက်နှုန်းနည်းသဖြင့် မတ်ပဲလိုအပ်ချက်မြင့်များပြီး မြန်မာပြည်ရဲ့မတ်ပဲကို အဝယ်များလာတဲ့အတွက် ပြည်တွင်းမတ်ပဲစျေးနှုန်း မြင့်တက်လာရတာလို့ မတ်ပဲရောင်းဝယ်တဲ့ကုန်သည်တဦးက ပြောပါတယ်။

"သူတို့မှာက မတ်ပဲလိုအပ်ချက်များပြီး အဝယ်များလာတဲ့အတွက် စျေးတက်သွားတာပါ။ ဒီစျေးဟာ  မတ်ပဲသမိုင်းတလျှောက်မှာ စံချိန်တင်စျေးနှုန်းပါပဲ။ အရောင်းအဝယ်ကတော့ ပုံမှန်အနေထား ရှိပါတယ်။ အခုဟာက မြန်မာငွေစျေးပြန်မာလာလို့ စျေးတက်တာ အရမ်းမသိသာတာ။ သြဂုတ်က ငွေစျေးကျတဲ့ အချိန်မျိုးဆို ၁ တင်းကို ၁ သိန်းလောက်ရောက်သွားနိုင်တယ်။" 

အိန္ဒိယနဲ့ ကနေဒါတို့ရဲ့ ပြဿာနာတွေကြောင့် ကနေဒါက အိန္ဒိယကို မတ်ပဲတင်တင်ပို့ဖို့ အခြေအနေမရှိ​နိုင်တော့အတွက် မတ်ပဲစျေး အခုထက်ပိုမြင့်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ မတ်ပဲအသစ်တွေ ထွက်ရှိလာပေမယ့် စျေးက ထူးထူးခြားကောင်းမွန်နေပြီး အရောင်းအဝယ် သွက်နေတယ်လို့ ပဲမျိုး​စုံရောင်းဝယ်သူတဦးကပြောပါတယ်။

"အရင်လို ကုန်သည်တွေလက်ထဲမှာပဲ မတ်ပဲတွေရှိနေတာ မဟုတ်ဘူး တောင်သူတွေမှာလည်း မတ်ပဲထွက်နေပြီး။ မတ်ပဲထွက်တဲ့အချိန်ဆို စျေးထိုးကျလေ့ရှိပေမယ့် အခုတော့ စျေးက တော်တော်ကောင်းနေတယ်။ အခုက အိန္ဒိယကလည်း အဝယ်လိုက်လာသလို တရုတ်ကလည်း အဝယ်ရှိနေလို့ စျေးတက်လာတာပါ။"

အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက မတ်ပဲနဲ့ပဲစဥ်းငုံ လွတ်လွတ်လပ်လပ်တင်သွင်းခွင့်ကို လာမယ့် ၂ဝ၂၄  မတ် ၃၁ ရက်နေ့အထိ ခွင့်ပြုထားပြီး မြန်မာနိုင်ငံက ပဲတင်သွင်းရာမှာလည်း အခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်။

မတ်ပဲကို ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ အများဆုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းမှာလည်း မိုးသီနှံအဖြစ်စိုက်ပျိုးကြပါတယ်။

၂၀၂၁-၂၂ စာသုံးသူရေးရာဦးစီး​ဌာနစာရင်းအရ ပြည်တွင်းမှာ မတ်ပဲစိုက်ဧက ၂၂ သိန်းလောက် ရှိပြီး အထွက်နှုန်း တင်းသိန်းပေါင်း ၄၁၀ ကျော် ထွက်ရှိတယ်လို့ စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

၂ဝ၂၂-၂၃ ဘဏ္ဍာနှစ်မှာ ပင်လယ်ရေကြောင်းကတဆင့် မတ်ပဲ ၃၄၉,၅၃ဝ တန်၊ နယ်စပ်ကုန်သွယ်ရေးကတဆင့် ၁ဝ၉,၆၈၈ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၄၆ သန်းကျော် ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024