ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ တရုတ်နိုင်ငံသားတွေက ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ပြည်) မှ ဌာနချုပ်မှူးကို ငွေပေးပြီး စက်ယန္တာရာတွေနဲ့ ရွှေတူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စက်ကြီးတွေနဲ့တူးတာ တရုတ်တွေအများကြီးပဲ။ ပေ ၂၀၀၊ ၃၀၀ အထိ တူးနေတော့ ဘေးအန္တရာယ်ဖြစ်လာမှာစိုးရိမ်တယ်။ ပြီးတော့ မြို့ဦးဘုရားနဲ့လည်း ကပ်နေတာ ဒစက ဌာနချုပ်မှူးကို ငွေပေးပြီး လုပ်နေတာ။"
တရုတ်နိုင်ငံသားတွေ ရွှေတူးဖော်တာနဲ့ပတ်သက်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးအပါအဝင် တာဝန်ရှိသူအချို့ စစ်ဆေးခံရပြီး သြဂုတ်လကုန်မှာ နေရာပြောင်းရွှေ့လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အရင်လက အဲ့ကိစွဖြစ်လို့ ဗိုလ်မှူးချုပ်အောင်နိုင်ဦးကို နေရာပြောင်းလိုက်တယ်။ ပန်းတောင်းမြို့ဘက်မှာလည်း တရုတ်တွေ ရေနံစိမ်းတူးနေတာရှိတယ်၊ တပ်ကလုံခြုံရေး ယူပေးထားတယ်။"
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးရဲ့ နေရာကို စက်တင်ဘာ ၁ ရက်မှစတင်ကာ ဗိုလ်မှုးချုပ်ဆန်းဌေးမောင် နဲ့ ဒုဌာနချုပ်မှူး ဗိုလ်မှူးကြီးကောင်းမြတ်တို့ကို ပြန်လည်ခန့်ထားခဲ့တယ်လို့ ဒစကပြည်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အလားတူပင် ပန်တောင်းမြို့နယ် စွယ်တော်ကျေးရွာမှာ တရုတ်နိုင်ငံသား ၂၃ ဦး ရေနံစိမ်းတူးဖော်နေပြီး တရုတ်တွေရဲ့လုံခြုံရေးကို ကပစ ၆ မှ ဗိုလ်ကြီးကျော်ဇင်သန့်ပါ ၁၀ ဦး၊ ရဲအုပ်ကိုကိုဇော်ပါ ၅ ဦးနဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေးယူပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။