ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်အိမ်ခြေ ၉၆ အိမ်အတွက် ရိက္ခာတွေ၊ အသုံးအဆောင်နဲ့ ခြင်ထောင်တွေကို စက်တင်ဘာ ၂ဝ ရက်က ကက်သလစ်ဘာသာဝင် ခရစ်ယာန် Sister တစ်ယောက်က သွားရောက်လှူဒါန်းခဲ့ပါတယ်။
Sister စိမ့်စမ်းရေက "စစ်ရှောင်တွေအတွက် အဓိကလိုအပ်ချက်က ရိက္ခာပါ။ နောက်တခုက ဆေးပေါ့နော်။ ခြင်ထောင်တို့ကိုလည်း ပေးပါတယ်။ တချို့စခန်းမှာ အနွေးထည်တွေလည်း လိုအပ်လာပါတယ်။ အားလုံး တူညီသောလိုမပ်ချက်ကတော့ ဆန်၊ ဆီ၊ ဆား၊ ဆေးပါပဲရှင့်" လို့ ပြောပါတယ်။
အိမ်ခြေ ၉၆ အိမ်ရှိပြီး လူဦးရေ ၃၆၂ ဦး နေထိုင်နေတဲ့ စစ်ရှောင်စခန်းမှာ ခြင်ထောင်၊ အဝတ်အထည်၊ ဆပ်ပြာ၊ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ လက်ဖက်၊ ကြက်ဥ၊ ခရမ်းချဥ်သီး၊ စိပ်ပုတီးတို့ကို လိုက်လံဝေငှပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်တွေကို ကူညီတဲ့အခါမှာ အလှူငွေလျော့နည်းလာမှု၊ ကုန်စျေးနှုန်းမြင့်တက်မှု၊ သွားလာရ ခက်ခဲမှုတွေကြောင့် စစ်ရှောင်တွေကို ကူညီသူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတယောက်က "ကျမတို့က အိမ်ပြန်လို့လည်း မရဘူး။ စီးပွားရေးလည်း လုပ်ကိုင်လို့မရဘူး။ တခါတလေ နေ့စားလိုက်တာလေးပဲရှိတယ်။ ကျမတို့ကို ပြည်သူက မကူညီနိုင် တော့ရင် မတွေးရဲစရာပါပဲရှင်" လို့ ပြောပါတယ်။
ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းခွဲကျော်အထိရှိနေပြီး စစ်ရှောင်ရတဲ့ကာလ ကြာလာတာနဲ့အမျှ အခက်အခဲတွေ လိုအပ်ချက်တွေ များပြားလာပြီး ရိက္ခာပြတ်တောက်မှု တွေလည်း ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။