အိန္ဒိယနိုင်ငံရဲ့ အရေးကိစ္စကို ကနေဒါက သံတမန်ရေးအရ ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး ကနေဒါနိုင်ငံသားတွေအတွက် ဗီဇာထုတ်ပေးတာကို ယာယီရပ်ဆိုင်းထားကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်မှာ ကြေညာပါတယ်။
ကနေဒါမှာရှိတဲ့ အိန္ဒိယသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာကြောင့် သူတို့ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်းဒမ်း ဘာချီက ပြော ပါတယ်။
ဒါကြောင့် အိန္ဒိယသံရုံးနဲ့ ကောင်စစ်ဝန်တွေဟာ ဗီဇာလျှောက်လွှာတွေကို ယာယီအားဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အခြေအနေတွေကို ပုံမှန်သုံးသပ်သွားမယ်လို့လည်း အာရင်းဒမ်း ဘာချီက ပြောပါတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက သံတမန်တချို့ဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်ကနေ ခြိမ်းခြောက်မှုတွေ ခံရပြီးနောက် နိုင်ငံတွင်းရှိ ဝန်ထမ်းတွေကို ယာယီအပြောင်းအလဲ လုပ်မှာဖြစ်ကြောင်း ပြောကြားပြီးနောက် နာရီပိုင်းအကြာမှာပဲ ကနေဒါကို အိန္ဒိယဗီဇာ ရပ်ဆိုင်းထားကြောင်း ကြေညာချက် ထွက်ပေါ်လာတာပါ။
ဇွန်လအတွင်းက ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တဦးကို သတ်ဖြတ်မှုမှာ အိန္ဒိယ အစိုးရအေးဂျင့်တွေနဲ့ ဆက်နွှယ်မှုရှိနေကြောင်း ယုံကြည်စိတ်ချရတဲ့ စွပ်စွဲချက်တွေ ရှိနေကြောင်း ကနေဒါရဲ့ ကြေညာချက်ကို အစပြုပြီး ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုတွေ တိုးမြင့်လာတာပါ။
ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ အစိုးရကတော့ လူသတ်မှုနဲ့ ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။
ကနေဒါဝန်ကြီးချုပ် ထရူးဒိုးရဲ့ စွပ်စွဲထားချက်တွေကို ဝန်ကြီးချုပ် မိုဒီက ပယ်ချထားတယ်လို့လည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်းဒမ်း ဘာချီက ပြောပါတယ်။
Source/Photo-Reuters