အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာ စက်တင်ဘာ ၂၁ ရက်က အထက်တန်းကျောင်း ဘင်ခရာတီးဝိုင်းအဖွဲ့ဝင်တွေ တင်ဆောင်လာပြီး ခရီးထွက်လာတဲ့ ဘတ်စ်ကားတစီး အဝေးပြေးလမ်းမကြီးပေါ်ကနေ မတ်စောက်တဲ့ လျှိုမြောင်ထဲ ပြုတ်ကျသွားပြီး လူ ၂ ဦးသေဆုံးကာ တဒါဇင်လောက် ဒဏ်ရာရသွားပါတယ်။
ဘတ်စ်ကားတိမ်းမှောက်မှုဟာ နယူးဂျာစီနယ်စပ်အနီးရှိ နယူးယောက်မြို့ အနောက်မြောက်ဘက် ၇၅ မိုင်အကွာ ဝါဝယန်ဒါမြို့အနီးရှိ အင်တာစတိတ် ၈၄ အဝေးပြေးလမ်းမှာ မွန်းလွဲပိုင်းလောက်က ဖြစ်ပွားခဲ့တာပါ။
ဘတ်စ်ကားပြုတ်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပေမဲ့ ကားဘီးရဲ့ ရှေ့တာယာ ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လောင်းအိုင်လန်ရှိ ဖာမင်တန် အထက်တန်းကျောင်းကနေ ပင်န်ဆယ်လ်ဗေးနီးယားကို ဦးတည်မောင်းနှင်ခဲ့တဲ့ ဒီဘတ်စ်ကားမှာ ကျောင်းသား အယောက် ၄၀၊ အရွယ်ရောက်ပြီးသူ ၄ ဦးတို့ပါဝင်တဲ့ ခရီးသည် ၄၄ ဦး လိုက်ပါစီးနင်းလာတာဖြစ်ပြီး ဘတ်စ်ကားပြုတ်ကျမှုကြောင့် အရွယ်ရောက် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း နယူးယောက်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ရစ်ချတ် မက်ဇ်ဇုန်က ပြောပါတယ်။
ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ သေးငယ်တဲ့ ဒဏ်ရာအဖုအထစ်တွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး ဘတ်စ်ကားပျက်ကျပြီးနောက် အခင်းဖြစ်ပွားရာနေရာတဝိုက်မှာ လမ်းလျှောက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒဏ်ရာရသူတွေကို နယ်မြေဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
Source/Photo-Reuters