အားကစားမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်နေတဲ့အပေါ် ဝေဖန်ခံနေရတာ ဂရုမစိုက်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က ပြန်လည် တုံ့ပြန်ပြောကြားလိုက်ပါတယ်။
ဆော်ဒီနိုင်ငံဟာ PIF ဆိုတဲ့အမည်နဲ့ ဘောလုံးနဲ့ အားကစားအသင်းတွေနဲ့ လုပ်ငန်းတွေမှာ ကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင်နေတာပါ။
ဆော်ဒီလိဂ်ကိုလည်း နာမည်ကြီး ကစားသမားတွေကို ငွေပုံပေးပြီး စည်းရုံးခေါ်ဆောင်ထားသလို နယူးကာဆယ် ဘောလုံးအသင်း အပါအဝင် ဂေါ့ဖ်အားကစားနဲ့ တခြား အားကစားပြိုင်ပွဲတွေမှာလည်း ရင်းနှီးမြှပ်နှံ လုပ်ဆောင်နေတာပါ။
အဲဒီအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ နိုင်ငံရဲ့ ပုံရိပ်မြင့်တက်လာနိုင်ဖို့အတွက် အားကစားကို ခုတုံးလုပ်ပြီး လုပ်ဆောင်နေကြောင်း ဥရောပမီဒီယာတွေ ကဝေဖန်ခဲ့ကြတာပါ။
အဲဒီလို အားကစားအပေါ် ရင်းနှီးမြှပ်နှံမှုတွေက နိုင်ငံရဲ့ဝင်ငွေကို တိုးတက်စေမယ်ဆိုရင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံရဲ့ပုံရိပ်ကို အားကစားနဲ့ သန့်စင်ဆေးကြောနေတာလို့ ဝေဖန်နေကြတာကို ဂရုစိုက်မှာမဟုတ်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသားက ပြောသွားပါတယ်။
Photo-Reuters