ယူကရိန်းနိုင်ငံအလယ်ပိုင်း ချားကစီမြို့မှာ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက ရုရှား ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အီဟော်ရ် ကလီမန်ကိုက ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ဒုံးကျည်ထိမှန်ထားတဲ့ ချားကစီမြို့ရှိ ဟိုတယ်တခုရဲ့ အပျက်အစီးတွေကို တူးထုတ်နေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို အရေးပေါ်ဝန်ဆောင်မှု အဖွဲ့ရဲ့ တယ်လီဂရမ်မှာ တင်ထားပါတယ်။
ကိယက်ဗ်မြို့တော်မှာလည်း စက်တင်ဘာ ၂၁ ရက် အစောပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ တောက်ပတဲ့ အလင်းတန်းတွေအပြင် မြို့တွင်းရှိ အဆောက်အဦတွေပေါ်မှာ မီးခိုးငွေ့တွေ လျှံထွက်နေတာကို ရိုက်တာက မြင်တွေ့ခဲ့ရပါတယ်။
အသက် ၉ နှစ်အရွယ် မိန်းကလေးတဦး အပါအဝင် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ရှ်ကိုက ပြောပါတယ်။
မြို့လယ်ခေါင်မှာ ဒုံးကျည်အပျက်အစီးတွေ ပြုတ်ကျခဲ့ပြီး အခြေခံအဆောက်အအုံတွေနဲ့ လူနေထိုင်ခြင်းမရှိတဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းလည်း သူကဆိုပါတယ်။
ယူကရိန်းမြို့တွေကို ကြာသပတေးနေ့မှာ ရုရှားက ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတခု ပြုလုပ်ခဲ့ရာ နိုင်ငံတဝန်းမှာ အနည်းဆုံး လူ ၁၈ ဦး ဒဏ်ရာရပြီး အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Source/Photo-Reuters