Home
မေးမြန်းခန်း
“အာဏာရှင်ကို အမြစ်ဖြတ်မယ်ဆိုတဲ့ သဘောတူညီမှုတခုသာ လိုပါတယ်” - အီဂေါဘလာဇီဗစ်နှင့် မေးမြန်းချက်
DVB
·
September 21, 2023
Igor Blazevic

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ လုံးဝအမြစ်ပြတ်သွားအောင် ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်နေကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အလားအလာတွေ၊ အားသာချက်နဲ့ စိန်ခေါ်မှုတွေအကြောင်းကို မြန်မာ့အရေး လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ အီဂေါဘလာဇီဗစ်ကို ဒီဗွီဘီသတင်းဌာနမှ ဗျူရိုအကြီးအကဲ ဒေါ်မွန်မွန်မြတ်က တွေ့ဆုံမေးမြန်းထားပါတယ်။

အီဂေါဘလာဇီဗစ်က ဥရောပမှာ နာမည်ကျော်ကြားတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက် ဖြစ်ပါတယ်။ ဥရောပမှာ အကြီးဆုံး လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ One World ရုပ်ရှင်ပွဲတော် တည်ထောင်သူ ဒါရိုက်တာတယောက် ဖြစ်သလို ချက်သမ္မတနိုင်ငံက People in Need Foundation ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။

(မေးမြန်းချက် အပြည့်အစုံ)

မေး။ ဒီတခေါက် အီဂေါရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ နွေဦးတော်လှန်ရေးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ မြန်မာမိတ်ဆွေတွေနဲ့လည်း တွေ့ခဲ့တယ်ဆိုတော့ သူတို့ဆီက ဘာတွေသိခဲ့ရလဲ။ ဒီနွေဦးတော်လှန်ရေးရဲ့ လက်ရှိအရွေ့တွေ၊ လမ်းကြောင်းတွေက ဘယ်ကို ဦးတည်နေသလဲဆိုတာ ပြောပြနိုင်မလား။

ဖြေ။ “မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အ‌ေရွ့တွေအပေါ် ဘယ်လိုနားလည်ကြောင်း မျှဝေခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီး နောက်ပိုင်းမှာ အရေးကြီးတဲ့ အခိုက်အတန့်တွေက တနည်းမဟုတ်တနည်းနဲ့ စဉ်ဆက်မပြတ်အောင် ရှိနေခဲ့တာပါ။ ပထမဆုံးသော အရေးပါတဲ့ အခိုက်အတန့် တခုကတော့ ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ အုံနဲ့ကျင်းနဲ့ ပါဝင်လာမှုဖြစ်ပြီး အဲ့ဒီအတိုင်း လုပ်ဆောင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ အရပ်ဘက် ဆန္ဒပြပွဲတွေကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွဲခဲ့ချိန်မှာတော့ နောက်ထပ်အရေးပါတဲ့ အခိုက်အတန့်တခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကတော့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ စစ်အာဏာရှင်အပေါ် ဘယ်လိုဆန့်ကျင်ကြမလဲဆိုတဲ့ လမ်းကြောင်းအသစ်တခုကို ရှာဖွေကြတော့မယ့် အချိန်မှာပါ။ တကယ်ကို ပြည်သူတွေဘက်က အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ဘယ်အခိုက်အတန့်က ပိုအရေးပါလဲဆိုတာကို အထူးတလည် ညွှန်းဆိုပြဖို့အတွက် မဖြစ်နိုင်ပါဘူး။”

“တဖက် စစ်တပ်မှာလည်း အလွန်အရေးကြီးတဲ့ အခိုက်အတန့်တခု ဖြစ်ပေါ်နေပါတယ်။ သူတို့ခံတပ်ထဲမှာပဲ ထိုင်နေရင်းနဲ့ အရပ်သားပြည်သူတွေကို ကြီးစွာသော ဒုက္ခပေးနိုင်ဖို့အတွက် တတ်စွမ်းသမျှ ကြိုးပမ်းနေကြပါတယ်။ အရပ်သားတွေအပေါ် အဓိကပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်နေကြသလို ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်အောင် မြင့်တက်လာတာကလည်း သူတို့လက်ချက်ပါပဲ။ ပြီးတော့ ဒီတိုင်းပြည်ရဲ့ သယံဇာတမှန်သမျှကို သိမ်းပိုက်ညှစ်ထုတ်ပြီး ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်စစ်ပွဲတွေမှာ အသုံးပြုနေကြတာပါ။ ဒီလိုမျိုး လူမဆန်မှုကို ခံနိုင်ရည်ရှိဖို့က ခက်ခဲလှပါတယ်။ တခြားတဖက်မှာ တော်လှန်ရေးလို့ ပြောတဲ့အခါ အရပ်ဘက်ရော စစ်ဘက်ကိုပါ ဆိုလိုပါတယ်။ မိမိကိုယ်တိုင် မရှုံးနိမ့်အောင် အောင်မြင်စွာ ခုခံနိုင်ရုံတင် မဟုတ်ဘဲ စစ်ကောင်စီကိုပါ အထိနာအောင် စတင်ဖိအားပေးနိုင်နေပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်အပေါ် နိုင်ငံရေးအရ၊ နယ်မြေအရ၊ စီးပွားရေးအရနဲ့ စစ်ရေးအရပါ ပိုမို အကျပ်ရိုက်လာအောင် ဖိအားပေးရာမှာ အားကောင်းမောင်းသန် ရှိနေဆဲပါပဲ။ ဒါပေမဲ့လည်း သူတို့ဘက်က ဆင်းရဲဒုက္ခများစွာ ဖန်တီးနေသည့်တိုင် ထိန်းချုပ်နိုင်စွမ်းတော့ မရှိတော့ပါဘူး။ ဒီ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ ဖိအားတွေရဲ့ အရှိန်အဟုန်ကို ဆက်ထိန်းထားရမယ့် အလွန့်အလွန် အရေးကြီးတဲ့ အခြေအနေတရပ်ကို ရောက်ရှိနေပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေအပေါ် ရှုမြင်ထားတဲ့ နိုင်ငံတကာမြင်ကွင်းကိုပါ ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းမှာ တကယ်ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ ပြည်ပမှာ နားလည်ထားတဲ့ အရာတွေက ကွဲလွဲနေတာကြောင့်ပါ။”

မေး။ မြန်မာပြည်ထဲမှာ ဒီလောက် စိတ်ဓာတ်ကျစရာ အနေအထားတွေကြားထဲမှာ၊ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ် နိုင်ငံတကာ အသိုင်းအဝန်းတွေက နားလည်မှု လွဲနေကြတဲ့ အချိန်မှာ ဘယ်လိုအရာတွေက အပြုသဘောဆောင်တဲ့ အရွေ့တွေလဲ။ အားသာချက်တွေ ဘာတွေများရှိနေသေးလဲ။

ဖြေ။ “အပြုသဘောဆောင်တဲ့ အချက်တွေ အများကြီးတွေ့ရပါတယ်။ တချက်က တော်လှန်ရေးမှာ ပြည်သူတွေရဲ့ ဆက်လက်ပါဝင်နေမှုပါ။ လက်ရှိအချိန်မှာ လူစုလူဝေးကြီးနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး မလုပ်နိုင်တော့ပေမဲ့လည်း စစ်အာဏာအပေါ် ဆန့်ကျင်ကြောင်း ပြသနိုင်မယ့် နည်းလမ်းပေါင်းစုံကို ရှာဖွေနေကြဆဲပဲ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အင်မတန်လေးနက်တဲ့ အပြောင်းအလဲကို ထောက်ခံနေကြတုန်းပါ။ ဒါ့အပြင် အလျှော့မပေးစတမ်း စိတ်ပိုင်းဖြတ်ပြီးသားဖြစ်တဲ့ ဒီတော်လှန်ရေးထဲမှာ လူသောင်းနဲ့ချီ၊ သိန်းနဲ့ချီ ပါဝင်မှုက အဆက်မပြတ်သွားအောင် လှုံ့ဆော်ပေးနိုင်တဲ့ အရာတခုလည်း ဖြစ်ပါတယ်။”

“မြန်မာပြည်က လူအတော်များများနဲ့ အဆက်အသွယ်ရှိပါတယ်။ ဥပမာတခုပေးရရင် အာဏာမသိမ်းခင် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အမြင့်ပိုင်းရာထူးနဲ့ တာဝန်ယူခဲ့ကြတဲ့ စီဒီအမ်ဝန်ထမ်း ၂ ဦးကို မကြာသေးမီကမှ တွေ့ဆုံခဲ့ပါသေးတယ်။ ဆန္ဒပြပွဲမှာ သူတို့ပါဝင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသလို ဖိအားပေးမှုတွေအကြား လွတ်မြောက်အောင် ထွက်ပြေးခဲ့ရသူတွေလည်း ဖြစ်ပါတယ်။ အဲ့ဒီလူတွေဟာ သူတို့ရဲ့ စုဆောင်းငွေကို ထွက်ပြေးဖို့နဲ့ ပုန်အောင်းဖို့အတွက် အသုံးပြုခဲ့ရတဲ့အပြင် တချိန်တည်းမှာ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းက ပညာရေးဝန်ထမ်းပေါင်း ၂၅၀ ကိုပါ စုစည်းပေးနိုင်ခဲ့ပါတယ်။ ဒီပညာရေးဝန်ထမ်း ၂၅၀ နဲ့အတူ အသက်မွေးမှုပညာနဲ့ လေ့ကျင့်မှုတွေပေးနေတဲ့ အစီအစဉ်တွေကို မယုံနိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စစ်ဘေးရှောင်စခန်းနဲ့ တစိတ်တပိုင်း လွတ်မြောက်နယ်မြေ စတဲ့ မြေပြင်တွေမှာလည်း ပညာရေးဝန်ထမ်းတွေက အသက်မွေးဝမ်းကြောင်း ကျွမ်းကျွင်မှုတွေ တတ်မြောက်လာစေဖို့အတွက် ကူညီပေးနေကြတာပါ။ ဒါတွေက လူမှုအသိုင်းအဝန်းကို အားကောင်းခိုင်မာစေမှာ ဖြစ်သလို ဝင်ငွေအနည်းငယ်လည်း ရရှိစေနိုင်တာကြောင့် တကယ်ကို အထင်ကြီးစရာပါပဲ။ မြန်မာနိုင်ငံရဲ့ အရပ်ဘက်တော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ သိန်းနဲ့ချီတဲ့ ပြည်သူတွေက အလှူငွေထည့်ဝင်တာမျိုးတွေ ရှိတယ်လို့ တွေးကြည့်လိုက်ရုံနဲ့တင် အလွန်အထင်ကြီးစရာ ကောင်းလှပါတယ်။”

“လွန်ခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ဟောင်ကောင်၊ ဘီလာရုစ်၊ ဗင်နီဇွဲလား၊ အီဂျစ်နဲ့ တခြားနိုင်ငံအများအပြားမှာ ဆိုးရွားတဲ့ အုပ်ချုပ်မှုအပေါ် ဆန့်ကျင်တဲ့ လူထုအုံကြွမှု ၁၀ ခုလောက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီပုန်ကန်မှုအားလုံးဟာ အပြင်းအထန် ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ၃ လကနေ ၆ လအကြာမှာတင် ပြည်သူတွေရဲ့ လက်လျှော့မှုကြောင့် ပျောက်ကွယ်သွားခဲ့ပါတယ်။ မြန်မာပြည်သူတွေကတော့ အရှုံးမပေးရုံတင်မက စစ်ကောင်စီကိုပါ သိသိသာသာ တွန်းအားပေးရင်း အောင်မြင်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီဖိအားအတိုင်းသာ ဆက်ပေးထားနိုင်မယ်ဆိုရင် စစ်တပ်ဖွဲ့စည်းပုံအရ အောက်ခြေကနေ အထက်ပိုင်းအထိ ပြိုလဲကျသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်နဲ့ ဘယ်လိုလဲ ဆိုတာကိုတော့ ကျနော်တို့လည်း မသိနိုင်ပါဘူး။”

မေး။ စစ်ကောင်စီအနေနဲ့ အခုတလောမှာ တဖြည်းဖြည်း အင်အားချည့်နဲ့လာတာကို တွေ့နေရတယ်။ သူတို့ရဲ့ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။ သူတို့ဘက်မှာရော ဘယ်လိုအားသာချက်တွေ ရှိနေသေးလဲ။

ဖြေ။ “မြေပြင်မှာ သူတို့တပ်တွေ အားနည်းလာတဲ့ အခြေအနေက သိသာထင်ရှားပါတယ်။ အင်အားကြီးနိုင်ငံ ၂ နိုင်ငံရဲ့ အနီးတလျှောက်မှာ တပ်ဖြန့်ထားရတာကြောင့် သူတို့ရဲ့ အင်အားစုစည်းမှု နည်းပါးကာ တော်လှန်ရေးတပ်ဖွဲ့များစွာရဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ စစ်သားပေါင်း ၁၅၀ ကနေ ၂၀၀ အထိ ရှိရမယ့် တပ်ဖွဲ့တွေဟာ လူသစ်စုဆောင်းလို့ မရတော့တဲ့အတွက် လက်ရှိအချိန်မှာ အယောက် ၇၀ ထက် မပိုတော့ပါဘူး။ ဒါဟာ ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ပါ။ ရှေ့တန်းစခန်းတွေမှာ အထိုင်ကျနေတဲ့ စစ်သားတွေက ကြောက်ရွံ့နေကြပြီ ဖြစ်ပါတယ်။ ဒီတော်လှန်ရေး မတိုင်ခင်မှာ သူတို့ ဘယ်တုန်းကမှ မကြောက်လန့်တဲ့အထိ ယုံကြည်မှု ရှိခဲ့ကြတာပါ။ အပြင်ထွက်ပြီး သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့၊ ခိုးယူလုယက်နိုင်တဲ့အထိ ထင်တိုင်းကြဲခဲ့ကြပါတယ်။ အရေးယူမှုလည်း လုံးဝကို မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ သူတို့ထွက်သွားပြီးရင် ပြန်လာနိုင်မလား၊ မလာနိုင်ဘူးလားတောင် သူတို့ကိုယ်တိုင် မသိတော့ပါဘူး။ ဒီအချက်က တော်လှန်ရေးနဲ့ အာဏာရှင်ကြားမှာ စိတ်ဓာတ်ရေးရာ အရွေ့ပြောင်းလဲလာမှုပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါက သူတို့ရဲ့ အလွန်အားနည်းတဲ့အချက်ပဲ ဖြစ်ပါတယ်။”

“ဒုတိယတချက်က စစ်ကောင်စီမှာ ငွေစက္ကူရှားပါးလာမှု ဖြစ်ပါတယ်။ ပြည်သူလူထုကို ဖိအားပေးဖို့အတွက် ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ပြီး ငွေကြေးဖောင်းပွလာအောင် သူတို့ ဖန်တီးနိုင်ပါတယ်။ ဒါဟာ သူတို့ဘက်က အဓိကအားနည်းချက်နှစ်ရပ်ဖြစ်သလို သူတို့ကိုယ်တိုင်မှာလည်း ငွေကြေးပြတ်လပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရှင်သန်ဖို့အတွက် လုပ်စရာတခုက ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးမယ်၊ သူတို့ကတော့ သာမန်ပြည်သူထက် ပိုပြီးခံနိုင်ရည်ရှိအောင် ကြိုးပမ်းမယ်၊ ဒါပါပဲ။ နောက်တခုက ဒေသတွင်း နိုင်ငံတွေရဲ့ တရားဝင်အဖြစ် အသိအမှတ်ပြုမှု ရရှိအောင် ကြိုးပမ်းပါလိမ့်မယ်။ တခြား နိုင်ငံတကာရပ်ဝန်းအပေါ် သူတို့အာရုံမစိုက်ပေမဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ အာဆီယံနိုင်ငံ တချို့အပေါ်မှာတော့ ဂရုစိုက်မှုရှိပါတယ်။ လာအိုနိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း သေချာတဲ့လက်ခံမှု ရရှိလာအောင် သူတို့ဘက်က သိသိသာသာ တွန်းအားပေးပြီး ကြိုးပမ်းလာပါလိမ့်မယ်။ ဒါကို ကျနော်တို့ဘက်က ပိတ်ဆို့ဖို့ လိုအပ်တဲ့အပြင် နောက်ပြန်တွန်းထုတ်ဖို့ပါ လိုအပ်ပါတယ်။”

“တတိယအချက်ကတော့ မြန်မာပြည်သူတွေရဲ့ ခံစားမှုအပေါ် ကြိုးကိုင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးပြီး သူတို့ နိုင်ငံရေးကစားမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဘက်ခြမ်းမှာ အခက်အခဲတွေ ဖြစ်စေမယ်၊ အချင်းအချင်း စိတ်ဝမ်းကွဲလာအောင် စိတ်ဒဏ်ရာတွေကို အသုံးချမယ်၊ သဘောထားကွဲလွဲမှုကနေ မညီမညွတ်ဖြစ်လာတဲ့အထိ သပ်လျှိုသွေးခွဲမယ် စသဖြင့် ဒီအချက်တွေကို အသုံးပြုရာမှာ ပိုမိုကောင်းမွန်လာပါတယ်။ လက်ရှိအချိန်မှာ ဆိုရှယ်မီဒီယာကို အကြီးအကျယ် အသုံးချပြီး မီးမွှေးနိုင်ဖို့အတွက် ရုရှား နည်းပညာကိုပါ အသုံးပြုလာနေပြီ ဖြစ်ပါတယ်။ မတူညီတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လူမှုအဖွဲ့အစည်းအတွင်း နှစ်ခြမ်းကွဲပြီး အချင်းများအောင် လောလောဆယ်မှာ သူတို့ ဖန်တီးနေပါတယ်။ တော်လှန်ရေးအတွင်း စစ်ရေးအရ သူတို့ ရှုံးနိမ့်လာချိန်မှာ စိတ်ဓာတ်ရေးရာ ပြိုကွဲလာအောင် သူတို့ကြိုးစားနေတာပါ။”

မေး။ ဒီလိုအနေအထားမျိုးမှာ စစ်ကောင်စီက ထွက်ပေါက်ရှာချင်တဲ့ သဘောမျိုးတွေ လုပ်တာလည်း တွေ့နိုင်တယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရှစ်လေးလုံး အရေးတော်ပုံတို့၊ ရွှေဝါရောင်တော်လှန်ရေးတို့ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ၂၀၁၀ နဲ့ ၂၀၂၀ ကြားထဲမှာ နိုင်ငံရေးအကူးအပြောင်းကာလဆိုတဲ့ အရွေ့တခု ဖန်တီးခဲ့ဖူးတယ်။ သိတဲ့အတိုင်းပဲ အဲဒီနောက်ပိုင်းမှာ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရတရပ်က ငါးနှစ်လောက်ပဲ အုပ်ချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အာဏာပြန်သိမ်းတဲ့ အနေအထားတခုကို ပြန်ရောက်ရပြန်တာပဲ။ လက်ရှိတော်လှန်ရေးကရော အဆုံးသတ်မှာ ဒုံရင်းဒုံရင်း စစ်အာဏာရှင်စနစ်ကိုပဲ ပြန်ရောက်သွားမယ့်ပုံစံမျိုး ဖြစ်မှာလား၊ ဒါမှမဟုတ် ပုံစံတမျိုးနဲ့ ရှေ့ဆက်နိုင်မယ့် အလားအလာမျိုး မြင်ရလား။

ဖြေ။ “ဒီအချိန် မတိုင်ခင်အထိ မြန်မာစစ်တပ်က အခွင့်ထူးရနေခဲ့တာပါ။ အခိုက်အတန့်တိုင်းမှာ သူတို့နဲ့တိုက်ခိုက်မယ့် လက်နက်ကိုင်အဖွဲ့ကို ရွေးချယ်နိုင်တဲ့အထိ အသာစီးရနေခဲ့တာပါ။ သူတို့အပေါ် ပုန်ကန်တဲ့ နိုင်ငံရေးနဲ့ လူမှုရေး အင်အားစုအချို့ကို သီးသန့်ခွဲထုတ်ပြီးမှ ချေမှုန်းပစ်တာမျိုးတွေကို အမြဲတမ်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိမ်းမျိုး ကစားရာမှာ သူတို့ အလွန်ကျွမ်းကျင်ပါတယ်။ တဖွဲ့ထက်ပိုတဲ့ တိုက်ခိုက်မှုမျိုးကို ဘယ်တုန်းကမှ လိုလားခြင်း မရှိခဲ့ပါဘူး။ ဒီတခေါက် အခြေအနေကတော့ လုံးဝကွဲပြားပါတယ်။ ဒီတကြိမ်မှာ မြန်မာစစ်တပ်က စစ်ကောင်စီကို အသက်သွင်းခဲ့သလို မအောင်မြင်တဲ့ အာဏာသိမ်းမှုကလည်း သူတို့နဲ့ တိုက်ခိုက်နေသူတွေရဲ့ နယ်ပယ်ကို အလွန်ကျယ်ပြန့်လာစေခဲ့ပါတယ်။ ဒီအချိန်မှာ ဘယ်အရာက အရေးကြီးလဲဆိုတာကို ဆက်ပြီး ဖော်ပြချင်ပါတယ်။”

“လက်ရှိအကျပ်အတည်းအတွင်း တရားဝင်မှုရရှိနိုင်တဲ့ အရင်းအမြစ် ၃ ခု တွေ့ရပါတယ်။ တရားဝင်မှုဆိုင်ရာ အရင်းအမြစ်တခုက ၂၀၂၀ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ နောက်တဆင့် သွားမယ်ဆိုရင် ပြည်တွင်းက လူထုကြားမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်ကျယ်ပြန့်တဲ့ ထောက်ခံမှု ရှိနေတာဖြစ်ပါတယ်။ ဒီ့ထက်ဆက်သွားရရင် နှစ်ပေါင်း ၃ဝ ကြာအောင် စစ်အာဏာရှင်ကို အတိုက်အခံပြုခဲ့တဲ့ NLD ပါတီရဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။ ဒါကလည်း တရားဝင်မှုဆိုင်ရာ အရင်းအမြစ်တခုပါ။ နောက်ထပ် အရင်းအမြစ်တခုကတော့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လွတ်မြောက်ရေးအတွက် အနှစ် ၇ဝ တိုင်တိုင် ကြိုးစားရုန်းကန်မှုပါ။ ဒီလူမျိုးစုတွေရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ ကိုယ်ပိုင်သမိုင်းကြောင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ တရားဝင်မှုလို့ ဆိုရမှာဖြစ်ပါတယ်။ တတိယမြောက် တရားဝင်မှုဟာ နွေဦးတော်လှန်ရေးရဲ့ မောင်းနှင်အားဖြစ်တဲ့ အင်အားစုတွေဆီက ဆင်းသက်လာခဲ့တာပါ။ ဒီတော်လှန်ရေးရဲ့ ပထမနှစ်မှာတင် ပါဝင်သူအသစ်တွေက အရာရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘယ်သူ့ရဲ့ တရားဝင်မှုက အထက်မှာလဲဆိုတဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ ပြဿနာအနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒါကို ဖြေရှင်းနိုင်မှာလည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီတရားဝင်မှု ၃ ခုစလုံးက ဘယ်သူ့အထက်မှာမှ ရှိမနေတာကြောင့်ပါ။ ဒါ့အပြင် အရင်းအမြစ် ၃ ခုရဲ့ နိုင်ငံရေးနဲ့ လူထုခေါင်းဆောင်မှုကြားမှာ ရှင်းလင်းပြတ်သားတဲ့ သဘောတူညီမှုတခုရှိထားဖို့ လိုအပ်ပါတယ်။ ဒါကို ကျနော်ကတော့ အနိမ့်ဆုံးသဘောတူညီမှုလို့ မကြာခဏ သုံးနှုန်းလေ့ ရှိပါတယ်။”

“အနာဂတ်မှာ မြန်မာနိုင်ငံက ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ ကိစ္စရပ်အားလုံးနဲ့ ပတ်သက်ပြီး အခုချိန်မှာ အားလုံးရဲ့သဘောတူမှုကို မလိုအပ်သေးပါဘူး။ အနာဂတ်ပျောက်ဆုံးနေချိန်မှာ ပြန်လည်ရယူနိုင်ဖို့ လိုအပ်သလို ဒါကိုရရှိဖို့အတွက်လည်း အဓိကအုပ်စု ၃ ခုအကြား သဘောတူညီတခု အနိမ့်ဆုံးရှိထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မှာ ဖြစ်တဲ့အပြင် စစ်တပ်ကိုပါ အားနည်းလာစေမှာပါ။ ဒါကြောင့် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့၊ စစ်ပွဲတွေရပ်တန့်ဖို့၊ ဆိုးယုတ်မှုတွေ ချုပ်ငြိမ်းဖို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ ကျေးလက်နေ ပြည်သူတွေကို နေရပ်ပြန်ခွင့်ပြုရေး၊ လူထုဘဝ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ပြန်လည်ရရှိဖို့က ပိုပြီး အရေးကြီးပါတယ်။ အဲ့ဒီနောက်မှသာ ဘယ်လိုအနာဂတ်မျိုး ဖြစ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို အတည်အခန့် စတင်ကျင်းပသင့်ပါတယ်။”

မေး။ အဲဒီတော့ အတိုက်အခံဘက်တွေရဲ့ အနေအထားကရော ဘယ်လိုရှိလဲ။ သူတို့ရဲ့ မဟာမိတ်ဖွဲ့နိုင်တဲ့ အနေအထားတွေ၊ ယုံကြည်မှု တည်ဆောက်နေတာတွေ၊ အကူးအပြောင်းကာလ သဘောတူညီမှုတွေ၊ လမ်းပြမြေပုံတွေ၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတော်လှန်ရေးကြား ဆက်နွှယ်မှုတွေ စသဖြင့်ပေါ့။

ဖြေ။ “အရပ်ဘက်နဲ့ လက်နက်ကိုင်တော်လှန်ရေးက တခုမဟုတ်တခု ဖြစ်ရမှာ မဟုတ်ပါဘူး၊ နှစ်ခုစလုံး ဖြစ်ရမှာပါ။ ဒီရုန်းကန်မှုမှာ အချင်းချင်း ဖြည့်စွမ်းရင်း စည်းလုံးနေရမှာ ဖြစ်ပါတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လူ့တိရစ္ဆာန် အာဏာရှင်တွေကို အရပ်ဘက်ဆန့်ကျင်မှု တခုတည်းနဲ့ အနိုင်ယူဖို့အတွက် မဖြစ်နိုင်တာကြောင့် လက်နက်ကိုင်တော်လှန်ရေး ဆိုတာကို လိုအပ်ပါတယ်။ တချိန်တည်းမှာ ဒီလက်နက်ကိုင်တော်လှန်ရေးကလည်း ပြည်သူလူထုရဲ့ ပါဝင်မှုမရှိဘဲ စစ်ကောင်စီကို အနိုင်ရရှိဖို့အတွက် မဖြစ်နိုင်ပါဘူး။ လက်နက်မကိုင်နိုင်ပေမဲ့လည်း တခြားနည်းလမ်းတွေနဲ့အတူ အကူအညီပေးနိုင်မယ့် လူပေါင်းများစွာရဲ့ ပူးပေါင်းပါဝင်မှုကိုပါ လိုအပ်ပါတယ်။ ဒါကြောင့် လမ်းပြမြေပုံနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့အခါမှာ တူညီတဲ့ရုန်းကန်မှုအတွင်း အချင်းချင်း ကူညီပါလို့ပဲ ပြောချင်ပါတယ်။ လမ်းပြမြေပုံတခု လိုအပ်ပြီလားဆိုရင် မလိုအပ်သေးဘူးလို့ ဖြေဆိုလေ့ ရှိပါတယ်။ စစ်ကောင်စီတပ်တွေ ရောက်လာနိုင်တဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကိုသာ အရင်ဖြတ်တောက်ဖို့ လိုအပ်နေတာပါ။ ဒါကြောင့် လမ်းပြမြေပုံတခု ရေးဆွဲဖို့ထက် ထောက်ပို့လမ်းတွေ ဖြတ်နိုင်ဖို့ကသာ အခုချိန်မှာ အများကြီး ပိုပြီး အရေးကြီးတယ်လို့ ပြောရမှာပါ။ လောလောဆယ်မှာ လမ်းပြမြေပုံတခု လိုအပ်တယ်လို့ မယူဆပါဘူး။ စစ်ကောင်စီက အရပ်သားတွေအပေါ် ရိုက်သွင်းနေတဲ့ အကြောက်တရားကိုသာ ရပ်တန့်နိုင်ဖို့ လိုအပ်ပြီး ဒါမှသာ သူတို့ကို အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။”

“မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံသား သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်ပါသေးတယ်။ ၁၀ နှစ်ကနေ ၁၅ နှစ်အထိ အမေရိကန်တော်လှန်ရေးမှာ အချိန်ယူခဲ့ရပြီးနောက် အခြေခံဥပဒေအတွက် မူကြမ်းရေးဆွဲနိုင်တဲ့ အနေအထားကို ရောက်လာခဲ့တယ်ဆိုပြီး သူကပြောပြပါတယ်။ ဒီအချက်ကို ကျနော်တောင် သတိမမူမိခဲ့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက်ဆိုရင် လေးနက်တဲ့ နိုင်ငံရေးသဘောတူညီမှု အခင်းအကျင်းနဲ့ လုံခြုံရေး စတဲ့ အတိုင်းအတာတခု လိုအပ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ခက်ခဲရှုပ်ထွေးတဲ့ အခြေအနေတရပ်အောက်မှာ ဖွဲ့စည်းပုံရေးဆွဲဖို့ ကြိုးပမ်းမှုက အချင်းချင်းကြား သဘောထားကွဲလွဲမှုကိုသာ ဖြစ်ပေါ်စေမှာပါ။ ဒါကြောင့် အခုချိန်မှာ ဒါကို လိုအပ်တယ်လို့ မထင်မိပါဘူး။ ဒီသဘောတူညီမှုမျိုးကို မလိုအပ်သေးဘဲ အာဏာရှင်ကို အမြစ်ဖြတ်မယ်ဆိုတဲ့ သဘောတူညီမှု တခုကိုသာ လိုအပ်ပါတယ်။”

“တော်လှန်ရေး မဟာမိတ်တွေအပေါ် ယုံကြည်မှုအကြောင်း ပြောရမယ်ဆိုရင် ရေတဝက်ပါတဲ့ ဖန်ခွက်တခုအဖြစ် သရုပ်ဖော်ပြချင်ပါတယ်။ ဟုတ်ပါတယ်၊ ရေအပြည့်နဲ့ ဖန်ခွက်တော့ မဖြစ်သေးပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံက ဘယ်လောက်ရှုပ်ထွေးတယ်၊ အတိတ်တုန်းက နာကြည်းချက်တွေကြောင့် ဆက်ဆံရေးအပေါ် ဘယ်လောက်ဝန်ပိနေတယ် ဆိုတာတွေကို သိလာရတဲ့အခါမှာ လက်တွေ့ဆန်ဆန်ပဲ မျှော်လင့်ထားသင့်ပါတယ်။ အလွန့်အလွန် အန္တရာယ်များလှတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတဲ့ ဒီရုန်းကန်မှုကို ထိန်းထားရာမှာ ရေတဝက်နဲ့ ဖန်ခွက်က မယုံနိုင်လောက်အောင် အကူအညီပေးခဲ့တယ်လို့ပဲ ပြောချင်ပါတယ်။ မြန်မာစစ်တပ် အားနည်းလာတာနဲ့အမျှ နောက်ဆုံးမှာ ပြည်သူတွေအနိုင်ရတဲ့ အခြေအနေတခုအထိ ရောက်လာမှာ ဖြစ်ပါတယ်။ ဒီ့အတွက် ကျနော့်ရဲ့ အကြံပြုချက်ကတော့ ရေတဝက်နဲ့ ဖန်ခွက်အပေါ် ဂုဏ်ယူရင်း ယုံကြည်မှုရှိကြပါလို့ ဆိုချင်ပါတယ်။ အသိဉာဏ်ပညာနဲ့အတူ ရေနည်းနည်း ထပ်ပြည့်လာအောင် ကြိုးစားကြရအောင်ပါ။ ဖန်ခွက်ထဲမှာ ရေမပြည့်သေးဘူးဆိုပြီး စိတ်ပျက်အားငယ်မနေပါနဲ့၊ ထိတ်လန့်တုန်လှုပ်မနေပါနဲ့။ လက်ရှိအချိန်မှာ အားမလို၊ အားမရ ဖြစ်မှုတွေကြောင့် အနည်းငယ် ယိမ်းယိုင်မှုတွေ ရှိနေတယ်လို့တော့ မြင်မိပါတယ်။ အင်မတန် များပြားတဲ့ ဖိအားတွေအောက်မှာ ပြည်သူတွေက မဟာပေါက်ကွဲမှုကြီး (Big Bang)လိုမျိုး အရာအားလုံးအပေါ် ရုတ်တရုတ် ချက်ချင်းကြီး ဖြေရှင်းသွားနိုင်တာကို လိုလားနေကြတာ ဖြစ်ပါတယ်။”

“တော်လှန်ရေးတခု စစ်ပွဲတခုမှာ ဥုံဖွဆိုပြီး ဖြစ်လာတာမျိုး မရှိပါဘူး၊ အချိန်ကြာမြင့်တတ်ပါတယ်။ ဒါမျိုးဖြစ်စဉ်တွေက တဖြည်းဖြည်းချင်း အချိန်ယူရသလို ရုန်ကန်းရမှုတွေကလည်း ခက်ခဲပါတယ်။ အဆင်မပြေမှုတွေ၊ အောင်မြင်မှုတွေ ရှိနေတာကိုက ခက်ခဲလှတဲ့ ရုန်းကန်မှုတွေရဲ့ အရှိတရားပါ။ ဗီယက်နမ်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကို ကြည့်မယ်ဆိုရင် အနှစ် ၃၀ တောင် ကြာမြင့်ခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ အထွတ်အထိပ်ဆိုရင်လည်း ၁၀ နှစ်အထိ ကြာရှည်ပါတယ်။ ဒီတော်လှန်ရေးက ၁၀ နှစ်လောက် ကြာမြင့်နိုင်တယ်လို့ ဆိုလိုချင်တာမဟုတ်ဘဲ ဒီ့ထက်အများကြီး မြန်ဆန်ပါလိမ့်မယ်။ ဒါပေမဲ့လည်း အချိန်ယူရတယ်လို့တော့ ပြောချင်ပါတယ်။ ဒီအကြောင်းတရားက အလွန်အရေးကြီးတယ်လို့ ရှုမြင်မိပါတယ်။ ရေတဝက်ပဲရှိလို့  ပိုမိုမြန်ဆန်နိုင်သလို ဖန်ခွက်လည်း မကွဲသွားနိုင်ပါဘူး။ ဒါပေမဲ့ ဖန်ခွက်ထဲမှာ ရေအပြည့် မရှိရကောင်းလားဆိုပြီး မကျေနပ်မှုတွေနဲ့ အချင်းချင်း ရန်ဖြစ်နေမှသာ ဖန်ခွက်ကွဲသွားနိုင်ပါတယ်။ အသွင်ကူးပြောင်းရေး ကြားကာလအခြေခံဥပဒေ ဒါမှမဟုတ် တစုံတခုကြောင့် ရှေ့ဆက်မသွားဘဲ အပြစ်ပဲတင်နေကြမယ်ဆိုရင် ရေတဝက်နဲ့ ဖန်ခွက်ကိုပါ ဆုံးရှုံးရနိုင်ပါတယ်။ ဒီအခိုက်အတန့်မှာ အဓိက သက်ဆိုင်သူတွေ ဖြစ်ကြတဲ့ NUG နဲ့အတူ K3C ဆိုတဲ့ ကချင်၊ ကရင်၊ ကရင်နီ နဲ့ ချင်းတို့က အရေးကြီးဆုံးသူတွေ ဖြစ်တယ်လို့ ပုဂ္ဂလအမြင်အရ ရှုမြင်မိပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး ကမ္ဘာ့မြို့တော်ကြီးတွေဆီ သွားရောက်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း တညီတညွတ်တည်း ရပ်တည်နေကြောင်း ပြသစေလိုပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းရဲ့ အမြင်တွေကို ပြောင်းလဲပစ်ဖို့လည်း လိုအပ်ပါတယ်။”

မေး။ ဟုတ်ပါပြီ။  အီဂေါ ပြောလိုက်တဲ့အပေါ်မှာ ဆက်မေးချင်တာက NUG အစိုးရရဲ့ လုပ်ပုံကိုင်ပုံအပေါ် အားမလိုအားမရဖြစ်ကြလို့ ဝေဖန်ကြတာတွေ၊ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေက NUG အနေနဲ့ အစိုးရရပ်လို အုပ်ချုပ်ဖို့ အဆင်သင့်မှဖြစ်ပါ့မလား စသဖြင့် စိုးရိမ်ပူပန်နေကြတာတွေရှိတယ်။ ခင်ဗျားအနေနဲ့ NUG အစိုးရရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လိုမြင်သလဲ။

ဖြေ။ “ဒါက အတော်ကို မမျှတတဲ့ ဝေဖန်မှုလို့ ထင်ပါတယ်။ စွမ်းဆောင်နိုင်စွမ်းမှာ အကန့်အသတ် ရှိနေတာကိုတော့ ဝန်ခံရပါလိမ့်မယ်။ ဒါပေမဲ့လည်း နားလည်ပေးနိုင်တဲ့ အနေအထားပါ။ ဘယ်လိုမျိုး အခြေအနေတွေအောက်မှာ သူတို့ လည်ပတ်နေတယ် ဆိုတာကို သဘောပေါက်တဲ့ အခါကျရင် ကျနော်ပြောမှာပါ။ NUG အစိုးရဖွဲ့စည်းရာမှာ နောက်ကွယ်က ထိလွယ်ရှလွယ်တဲ့ သဘောတူညီမှုကိုလည်း နားလည်နိုင်မယ်ဆိုရင်ပေါ့။ ဒီလိုမျိုး အကန့်အသတ် ရှိနေတဲ့ အရည်အချင်း အတိုင်းအတာပေါ်မှာ သည်းညည်းခံနိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒီအချက်ကို နိုင်ငံတကာကလည်း ဆင်ခြေပေး၊ ဖုံးကွယ်နိုင်ဖို့ အသုံးချနေတယ်လို့ ယူဆပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ စစ်ကောင်စီအပေါ် ဆန့်ကျင်တိုက်ခိုက်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘယ်သူ့ ဘယ်သူကမှ အဓိပ္ပာယ်ပြည့်ဝတဲ့ နည်းလမ်းတွေနဲ့ ကူညီပေးနေတာမျိုး မရှိပါတယ်။ ဒါကြောင့် NUG မှာ ဘာလုပ်နိုင်စွမ်းမှ မရှိပါဘူးလို့ ပြောလာတဲ့အခါ NUG ဖွဲ့စည်းမှုမှာ အရင်းအမြစ် ဘယ်လောက်အထိ ပေးဆပ်ပြီးပြီလဲလို့ တုံ့ပြန်လေ့ရှိပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပိုင်နက်တစ်ဝက်က ပြည်သူတွေကို နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့တာမျိုးတောင် မရှိပါဘူး။ ဥရောပ၊ အမေရိကန် နဲ့ အခြားနိုင်ငံ အနည်းငယ်ရဲ့ အခွန်ထမ်းပြည်သူတွေဟာ ၈၀ ရာခိုင်နှုန်းသော ထောက်ပံ့ငွေကို ထည့်ဝင်ထားကြပါတယ်။ ဒါပေမဲ့ လည်း ဒီအလှူငွေတွေရဲ့ ၈၀ ရာခိုင်နှုန်းကတော့ စစ်ကောင်စီ လက်အောက်ရှိ နယ်မြေတွေကိုသာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီပိုက်ဆံတွေကို စစ်ကောင်စီက လက်နက်အဖြစ် အသုံးချနေတာပါ။ ဒီ့အတွက် NUG ဖွဲ့စည်း ပုံနဲ့ ခုခံတော်လှန်မှုမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရင်းအမြစ်တွေ ထည့်ဝင်ပေးသင့်ပါတယ်။ လက်နက်တွေပါ ထောက်ပံ့ပေးဖို့အထိ မဖြစ်မနေ မလိုအပ်ပါဘူး။ တခြားသော အရင်းအမြစ်များစွာ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ စွမ်းဆောင်ရည်အကြောင်း စကားပြောလို့ရပါပြီ။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ပိတ်မိနေတဲ့ ဒေါ်လာ ၁ ဘီလီယံ ကိုသာ NUG အနေနဲ့ ရရှိလာမယ်ဆိုရင် တစ်လအတွင်း သူတို့လုပ်နိုင်စွမ်းက ထိုးတက်လာပါလိမ့်မယ်။ အရည်အချင်းဆိုတာ တင်ပြမှုကောင်းတာမျိုး မဟုတ်ပါဘူး၊ အခြေခံအားဖြင့် အရင်းအမြစ်တွေကို ဆိုလိုတာပါ။ ဒီအရင်းအမြစ်တွေ ရှိသလား၊ မရှိဘူးလား ဆိုတာကိုသာ မေးခွန်းထုတ်ရမှာပါ။”

မေး။ သိတဲ့အတိုင်းပဲ နွေဦးတော်လှန်ရေးအစောပိုင်းကာလအနေအထားနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေက နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထား ခဲ့တာတွေ တဖြည်းဖြည်း လျော့ကျလာတာကို တွေ့ရတယ်။ အခုဆိုရင် ကိုယ့်အားကိုယ်ကိုးမှ ရမယ်ဆိုတာကို မြန်မာပြည်သူတွေအနေနဲ့ အမှန်အတိုင်း သုံးသပ်နိုင်လာပြီ။ အီဂေါကို မေးချင်တာက အာဆီယံတို့လို ထိုင်း၊တရုတ်၊  အိန္ဒိယ၊ ဘင်္ဂလားဒေ့(ရှ်)တို့လို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်း နိုင်ငံတွေဆီက ဘာတွေမျှော်လင့်လို့ရသလဲ၊ မရဘူးလဲ၊ နိုင်ငံတကာအသိုင်းအဝိုင်း ဆီက ရောဘယ်လိုကူညီပံ့ပိုးမှုတွေရနိုင်သလဲ။

ဖြေ။ “ဒါကြောင့် ဒေသတွင်း သက်ဆိုင်ရာနိုင်ငံတွေက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာ့အရေးမှာ ဒေသတွင်းနဲ့ ဝေးကွာတဲ့ အပြည်ပြည်ဆိုင်ရာ တာဝန်ရှိသူတွေက စိတ်ပါဝင်စားမှု တကယ်မရှိသလို ဝင်ပါမှာလည်း မဟုတ်ပါဘူး။ ဒါနဲ့ ပက်သက်ပြီး ပြောပြစရာ အကြောင်းအရင်း များစွာရှိပါတယ်။ ဒါပေမဲ့ အလေးအနက် ပြောရမယ်ဆိုရင် ကမ္ဘာ့နိုင်ငံတွေက သူတို့ကို အပြစ်မတင်အောင် အာဆီယံအဖွဲ့ဆီ တာဝန်လွှဲလိုက်တဲ့ ပုံစံမျိုးပါပဲ။ ဟုတ်ပြီ၊ အာဆီယံ  ဒေသတွင်းမှာ ဒါမင်းရဲ့တာဝန်ပဲ ဆိုတာမျိုးပေါ့။ ဒီလိုမျိုး အခိုက်အတန့်မှာ ဒီမိုကရေစီ ဖက်ဒရယ်ရေးရာ တော်လှန်ရေး အင်အားစုတွေကို ဒေသတွင်းနိုင်ငံတွေက ကူညီထောက်ပံ့လိမ့်မယ် ဆိုပြိး မျှော်လင့်ထားလို့ မရပါဘူး။ ဒါက နာကျင်ဖို့ကောင်းတဲ့ အမှန်တရားတစ်ခုပါ။ ဒါပေမဲ့ လက်တွေ့ အခြေအနေကို တကယ် နားလည်ထားတာက ပိုပြီးကောင်းပါတယ်၊ ဒါဆို ငါတို့တာဝန်က ဘာလဲပေါ့။ ကျနော်တို့ တာဝန်က စစ်ကောင်စီကို တရားဝင်မှု ပြန်ပေးနိုင်တဲ့ ဒေသတွင်း ကြိုးပမ်းမှုအပေါ် တန်ပြန်ရမယ်၊ တွန်းထုတ်ပစ်ရမယ်။ ဒီဒေသတွင်း နိုင်ငံတွေက မြန်မာနိုင်ငံကို အာဏာရှင်မပါဘဲ၊ စစ်တပ်မပါဘဲ မစဉ်စားတတ်တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ အာဏာရှင်နဲ့စစ်တပ်ကို ဒီဖြေရှင်းနည်းမှာ မပါမဖြစ်တဲ့ အစိတ်အပိုင်းတွေအဖြစ် သူတို့ရှုမြင် ထားကြပါတယ်။ မြန်မာ့အရေးမှာ စေ့စပ်ညှိနှိုင်းမှုတွေ၊ သဘောတူညီမှုတွေနဲ့ ဖြေရှင်းနိုင်ဖို့အတွက် သူတို့ ကြိုးပမ်းချင်ပေမယ့်လည်း မဖြစ်နိုင်ဘူးဆိုတာကို ကျွန်တော်တို့ သိထားကြပါတယ်။ ဒါက ပြည်သူတွေရဲ့ လက်ခံ လိုမှု မရှိတာကြောင့် မဟုတ်ဘဲ စစ်ကောင်စီဘက်က ဘယ်လိုမျိုး သဘောတူညီချက်ကိုမှ မလိုလားတာကြောင့်သာ ဖြစ်ပါတယ်။”

“ဒီစစ်အာဏာရှင်က ပြည်သူတွေကို ဘယ်လိုနည်းနဲ့ပဲဖြစ်ပါစေ အနိုင်ယူချင်နေတာပါ။ ဒေသတွင်း နိုင်ငံတချို့ရဲ့ ထိခိုက်နစ်နာစေမယ့် လုပ်ရပ်တွေကိုပါ တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီအပေါ် ဆန့်ကျင်နေတဲ့ အင်အားစုတွေရဲ့ ပေါင်းစည်းဆန္ဒက မြေပြင်အခြေအနေကို တကယ်ပြောင်းလဲနိုင်တဲ့အခါ ဒီတော်လှန်ရေးအတွင်း အနိုင်ရမယ့်သူတွေအဖြစ် ယုံကြည်လာကြမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှသာ ဒေသတွင်း နိုင်ငံတွေနဲ့အတူ နိုင်ငံတကာ အသိုက်အဝန်းကပါ ကျွန်တော်တို့ကို အလေးအနက်ထားပြီး အကူအညီပေးမှုတွေ စတင်မှာ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာကြီးရဲ့ လက်တွေ့အမှန်တရားလို့ ကံမကောင်းစွာနဲ့ပဲ  ဆိုရမှာဖြစ်ပါတယ်။ မင်း တကယ်ခံစားနေရတယ် ဆိုပြီး မင်းကိုဘယ်သူမှ လာကူညီမှာတော့ မဟုတ်ပါဘူး။ ရာဇဝတ်မှုတွေ ကျူးလွန်ခံရတဲ့ အစီရင်ခံစာတွေနဲ့ သက်သေခံချက်တွေ ဘယ်လောက်ပဲ ယူလာခဲ့ပါစေ ဘယ်သူကိုမှ လှုံ့ဆော်နိုင်မှာ မဟုတ်ပါဘူး။ လူတွေ သတ်ဖြတ်နေတဲ့ ဒီလူမိုက်တွေအပေါ်  ဆန့်ကျင်ပြီး တစ်ဦးတစ်ယောက်ကမှ အကူအညီပေးမှာ မဟုတ်ပါဘူး။ ဒီတော်လှန်ရေးမှာ အနိုင်ရမယ့်သူတွေအဖြစ် ရှုမြင်လာကြအောင် ကြိုးပမ်းဖို့တော့ လိုအပ်ပါတယ်။ လက်တွေ့ ဖြစ်စရာ မလိုဘဲ အမြင်တစ်ခုနဲ့တင် မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပက်သက်ပြီး ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ သဘောထား ပြောင်းလဲမှုတွေ စတင်လာပါလိမ့်မယ့်။”

မေး။ လက်ရှိ တော်လှန်ရေးက အဆင့်တစ်ခုကိုရောက်နေပြီလို့ဆိုရမှာပဲ။ စစ်ကောင်စီအတွက် တဖြည်းဖြည်းနေရာကျဉ်းလာတာကိုလည်းမြင်နေရတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက သူတို့လက်ထဲက ကတ်တွေကို တခုပြီးတခုထုတ်သုံးနေတာမြင်ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတ်လိုမျိုး၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနဲ့ ဆက်ဆံရေး ချဲ့ထွင်တာမျိုးရော တကတ်ပြီးတကတ် ထုတ်ပြနေတာပေါ့။ အဲဒီလိုလုပ်နေတာမျိုးတွေက အလုပ်ဖြစ်သလား။ သူတို့အတွက် ဆက်အုပ်ချုပ်ဖို့ အခွင့်အလမ်းတွေရ လာနိုင်လား။

ဖြေ။ “အဆုံးအဖြတ် မပေါ်သေးတဲ့ တိုက်ပွဲတစ်ခုအနေအထားမှာ ရှိနေကြတာ ဖြစ်ပါတယ်။ မတူညီတဲ့ ဖြစ်နိုင်ခြေ ၃ ခုအတိုင်း ဆက်သွားကောင်း သွားရနိုင်တယ်လို့ ပြောလိုပါတယ်။ ဘယ်တစ်ခုဖြစ်မလဲ ဆိုတာကတော့ ကျနော်တို့လည်း မသိနိုင်ပါဘူး။ အဲ့ဒီထဲက လမ်းကြောင်းတစ်ခုက စစ်ကောင်စီအနေနဲ့ နိုင်ငံတွင်းမှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့တာမျိုးပါ။ ဆီးရီးယားနိုင်ငံမှာ အာဆတ်အနေနဲ့  ရှုံးနိမ့်လုနီးပါး အခိုက်အတန့်မှာ ဖြစ်ပွားခဲ့တာမျိုးနဲ့ ဆင်တူပါလိမ့်မယ်။ ဒမတ်စ်ကတ်စ်မြို့နဲ့  ၂၅ကီလိုမီတာ အကွာအထိ ခုခံတော်လှန်ရေးတပ်ဖွဲ့တွေ ရောက်လာခဲ့ချိန်မှာ ရုရှားနဲ့အီရန်တို့က ကြားဝင်ပြီး အာဆတ်ကို အကူအညီ အများအပြား ပေးခဲ့ပါတယ်။ အဲ့ဒီနောက် အာဆတ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့ အပြင် တော်လှန်ရေး အင်အားစုတွေကိုပါ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အပြင်းအထန် နှိမ်နင်းခဲ့ပါတယ်။ ဆီရီးယားနိုင်ငံမှာ ဒီတော်လှန်ရေးတပ်ဖွဲ့တွေက ဆိုးရွားတဲ့အမှားတစ်ခုကို ကျူးလွန်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အာဆက်နဲ့ တိုက်ခိုက်ခဲ့ကြတဲ့ တပ်ဖွဲ့များစွာက အစိတ်စိတ်အမြွှာအမြွှာခွဲထွက်သွားခဲ့ပြီး တချိန်တည်းမှာ သူတို့အချင်းချင်း သင့်မြတ်မှု မရှိတော့ပါဘူး။ ဒါက အလွန်ကြီးမားတဲ့ အမှားတစ်ခုပါ။”

“မြန်မာနိုင်ငံမှာလည်း အလားတူဖြစ်ရပ်လိုမျိုး ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီဘက်က တစ်နိုင်ငံလုံးကို ထိန်းချုပ်သွားနိုင်တာမျိုး မဟုတ်ဘဲ အစိတ်အပိုင်း အလိုက် အုပ်ချုပ်နေတာမျိုးနဲ့ အဆုံးသတ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီဒေသတွေကို စစ်ကောင်စီက ဘယ်တော့မှ ထိန်းချုပ်နိုင်စွမ်း မရှိတော့တာမျိုးပါ။ တကယ်လို့ စစ်ကောင်စီအနေနဲ့ အနိုင်ရသွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ နယ်မြေ ၃ ခုကနေ ၇ ခုအထိ ကွဲထွက်သွားနိုင်ပါတယ်။ အဲ့ဒီထဲက တစ်ခုကို စစ်အာဏာရှင်က အုပ်ချုပ်မယ်၊ ကျန်တာတွေ ကတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်ရာနယ်မြေ ဖြစ်လာပါလိမ့်မယ်။ ဒီနယ်မြေတွေမှာ တရားဝင်နဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေပါ ပေါ်ပေါက်လာနိုင်တာကြောင့် ပြည်သူတွေအတွက် နေပျော်စရာ အရပ်ဖြစ်မှာတော့ မဟုတ်ပါဘူး။”

“နောက်ထပ် အခွင့်အလမ်းဖြစ်တဲ့ တခြားနည်းလမ်း တစ်ခုကတော့ လက်ရှိ မဟာမိတ်အဖွဲ့တွေရဲ့  စုစည်းမှုကို ဆက်လက်ထိန်းသိမ်းပြီး စစ်တပ်အပေါ် ဖိအားဆက်ပေးသွားဖို့ ဖြစ်ပါတယ်။ စစ်ကောင်စီအပေါ်မှာ စစ်ရေးဖိအား၊ အရေးယူပိတ်ဆို့မှုဆိုင်ရာ ဘဏ္ဍာရေးဖိအားနဲ့ အရပ်ဖက်စုပေါင်း လှုပ်ရှားမှုဆိုင်ရာ တီထွင်ဆန်းသစ်တွေလည်း ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အရှုံးသမား မင်းအောင်လှိုင်အပေါ် မကာကွယ်ဖို့နဲ့ နစ်မြှုပ်နေပြီဖြစ်တဲ့ လှေပေါ်ကနေ စွန့်ခွာဖို့ အတွက် စစ်ကောင်စီ ထောက်ခံသူတွေနဲ့ စစ်သားတွေကိုပါ အဆက်မပြတ် သတင်းစကားပါးပြီး စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာစစ်တပ်အတွင်း အောက်ကနေ အထက်အထိ လှိုက်စားပြိုကွဲမှု ပေါ်ပေါက်လာနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် ရှုံးနိမ့်နေတဲ့ စစ်ပွဲတစ်ခုမှာ တပ်ဖွဲ့ တွေရဲ့  အမိန့်နာခံမှု ရပ်တန့်သွားတာမျိုးပဲ ဖြစ်ပါတယ်။ ဒါက နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုပါ။ ဒီဦးတည်ချက် အတိုင်း ဆက်သွားမယ်ဆိုရင်တော့ အမျှော်အမြင်ရှိဖို့ လိုအပ်ပါလိမ့်မယ့်။ ဒါမှသာ မြန်မာနိုင်ငံရဲ့  အနာဂတ်နဲ့ ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်တဲ့ နိုင်ငံရေးသဘောတူညီမှု တစ်ရပ်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။”

မေး။ ကျေးဇူးတင်ပါတယ်။ ခင်ဗျားအနေနဲ့ မြန်မာပြည်သူတွေအတွက် စိတ်အားတက်စရာသတင်းစကားတစ်ခုခု ချန်ထားခဲ့ချင်သလား။

ဖြေ။ “ဒီအခြေအနေကြီးက ဘယ်လောက်အထိ ခက်ခဲနေတယ်ဆိုတာကို အားလုံးမဖြစ်မနေ နားလည်လက်ခံရမှာပါ။ အဲ့ဒါကြောင့် တချို့သောအရာတွေက အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ ပထမဆုံးကတော့ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီကြဖို့ပါ။ ဒီလို အခက်အခဲအားလုံးကို တောင့်ခံထားနိုင်ဖို့အတွက် အချင်းချင်း ဂရုတစိုက် ဖေးမကြဖို့က အင်မတန်မှ အရေးကြီးပါတယ်။ မြန်မာနိုင်ငံသား တဦးတယောက်ချင်းစီတိုင်းဟာ အလွန်ကြီးမားတဲ့ နာကျင်မှုတွေကြား ဖြတ်သန်းနေရတာကြောင့် သီးသန့်အနေနဲ့ပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ် အချင်းချင်းကြားမှာ စဉ်ဆက်မပြတ် အားပေးကူညီကြဖို့ လိုအပ်ပါတယ်။”

“နောက်တချက်က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီး သမိုင်းကြောင်းမှာ ဒီအခြေအနေမျိုးအထိ ရောက်ရှိလာတာက ပထမဆုံးအကြိမ်ဖြစ်တဲ့အလျောက် မျှော်လင့်ချက် လက်ကိုင်ထားဖို့ လိုအပ်တယ်။ ခေတ်အဆက်ဆက် တိုင်းပြည်နဲ့လူမျိုးအပေါ် ဝါးမြိုနေခဲ့တဲ့ ကင်ဆာကိုပါ အမြစ်ဖြတ်ပစ်ရမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့  ဖိနှိပ်မှုတွေသာ မရှိတော့ရင် ကောင်းမွန်တဲ့ နိုင်ငံတခု ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ချမ်းသာကြွယ်ဝမှု ရှိနေတာကြောင့်ပါ။ ဒီနိုင်ငံရဲ့ လူဦးရေ၊ သဘာ၀သယံဇာတနဲ့ အရွယ်အစားမှာပါ ကြွယ်ဝမှုကြောင့် ပိုကောင်းလာဖို့ပဲ ရှိပါတယ်။ အခု ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး ပြန်လည်တည်ဆောက် ကြမယ်ဆိုတဲ့ မျှော်လင့်ချက်တခု ထားရှိကြပါလို့ ပြောကြားလိုပါတယ်။

အခုလို အပြုသဘောဆောင်တဲ့ သတင်းစကားတခုထားခဲ့ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် အီဂေါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024