ဘူလ်ဂေးရီးယားနိုင်ငံက လယ်သမားတွေဟာ စက်တင်ဘာ ၁၉ ရက်က မြို့တော် ဆိုဖီယာအနီးရှိ လယ်ကွင်းတခုမှာ ရာနဲ့ချီတဲ့ လယ်ထွန်စက်တွေကို တန်းစီထားပြီး ယူကရိန်း လယ်ယာထွက်ကုန်တွေ တင်သွင်းမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ယူကရိန်းကောက်နှံတွေ တင်သွင်းမှု တားမြစ်ချက်ကို ရုပ်သိမ်းဖို့ ဘူလ်ဂေးရီးယား လွှတ်တော်အမတ်တွေ မဲခွဲဆုံးဖြတ်ပြီးနောက်မှာ ခုလို ဆန္ဒပြခဲ့ကြတာပါ။
လယ်သမားတွေက သူတို့ဟာ စျေးပေါတဲ့ လယ်ယာထွက်ကုန်တွေနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲကြောင်း ပြောကြပြီး ပြည်တွင်းထုတ်လုပ်သူတွေ ဈေးကောင်းရချိန်အထိ သွင်းကုန်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်စေလိုကြောင်းလည်း ပြောဆိုပါတယ်။
စက်တင်ဘာ ၁၅ ရက်က သက်တမ်းကုန်ဆုံးခဲ့တဲ့ ယူကရိန်းမှ လယ်ယာထွက်ကုန်တချို့ ရောင်းချမှုကို တားမြစ်ထားတဲ့ ၅ နိုင်ငံထဲမှာ ဘူလ်ဂေးရီးယားလည်း ပါဝင်နေပြီး ဥရောပကော်မရှင်က တားမြစ်ချက်ကို သက်တမ်းထပ်မတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့ဟာ ယူကရိန်းမှ သွင်းကုန်တွေအပေါ် တဖက်သတ် ကန့်သတ်ချက်တွေကို ထုတ်ပြန်ကြေညာခဲ့တာကြောင့် ကိယက်ဗ်ကလည်း စက်တင်ဘာ ၁၈ ရက် တနင်္လာနေ့မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆီ တိုင်ကြားစာတင်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့ပါတယ်။
တားမြစ်ချက်ကို ရုပ်သိမ်းလိုက်ခြင်းဟာ ဘူလ်ဂေးရီးယား စိုက်ပျိုးထုတ်လုပ်သူတွေ ယှဉ်ပြိုင်နိုင်စွမ်းကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ကြောင်း ဘူလ်ဂေးရီးယား ပါလီမန်က အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
Source/Photo-Reuters