ရခိုင်ပြည်နယ်၊ မာန်အောင်မြို့က စီးပွားရေးလုပ်ငန်းရှင် တယောက်ကို စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဖုန်းအရောင်းဆိုင်နဲ့ ငွေလွှဲဝန်ဆောင်မှု စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ မြို့ခံ စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင်ကို စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ သတင်းရဲတပ်ဖွဲ့ (SB) က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “၁၉ ရက်နေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးလောက်က သူ့ဆိုင်လာပြီး ဖမ်းသွားတာဖြစ်တယ်။ အခုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ ဘာကြောင့်ဖမ်းလဲ ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဦးစည်သူအောင်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လှုံ့ဆော်၊ ဝါဒဖြန့် ရေးတာကြောင့် ဖမ်းဆီးထားတာလို့ စစ်ကောင်စီဘက်က စွပ်စွဲ ထုတ်ပြန်ထားပါတယ်။
ဦးစည်သူအောင်ဟာ နိုင်ငံရေးနဲ့လည်း ဆက်နွှယ်ပတ်သက်မှု မရှိဘူးလို့ သူနဲ့နီးစပ်တဲ့ မြို့ခံတွေက ပြောကြပါတယ်။
လက်ရှိမှာ ဦးစည်သူအောင်ရဲ့ အမှုအခြေအနေကို အတိအကျသိရဖို့ မိသားစုဝင်တွေကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ဦးစည်သူအောင်ဟာ ရန်ကုန်ဇာတိဖြစ်ပြီး မာန်အောင်မြို့မှာ အိမ်ထောင်ကျနေတာ နှစ်ပေါင်း ၃၀ နီးပါးခန့် ရှိပြီလို့ သိရပါတယ်။