တရုတ်နဲ့ ရုရှားတို့ဟာ မဟာဗျူဟာမြောက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ စစ်မှန်တဲ့ နိုင်ငံစုံဝါဒကို ကာကွယ်ဖို့ နီးနီးကပ်ကပ် ဆောင်ရွက်မှာဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် ဒါရိုက်တာ ဝမ်ယိက ပြောပါတယ်။
ရုရှားမြို့တော် မော်စကိုရှိ နိုင်ငံခြားရေးဆိုင်ရာ ဗဟိုကော်မရှင်ရုံးမှာ စက်တင်ဘာ ၁၉ ရက်က ပြောကြားခဲ့တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်တဲ့ ဦးတည်ချက်နဲ့ မြှင့်တင်သွားမယ်လို့လည်း ဝမ်ယိက ပြောပါတယ်။
ဝမ်ယိနဲ့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင် ပါထရူးရှက်ဗ်တို့ဟာ အင်္ဂါနေ့က ၁၈ ကြိမ်မြောက် တရုတ်-ရုရှား မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲမှာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေတာ၊ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေတာနဲ့ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စတွေအပေါ် နှစ်ဖက်စလုံးက နက်နက်ရှိုင်းရှိုင်း အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
တရုတ်-ရုရှား မဟာဗျူဟာလုံခြုံရေး ညှိနှိုင်းရေးယန္တရား ထူထောင်ပြီးကတည်းက နှစ်ဖက်စလုံးဟာ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန် ဆက်ဆံရေးကို ထိန်းသိမ်းထားတယ်၊ ဘုံအကျိုးစီးပွားတွေကို ထိထိရောက်ရောက် ကာကွယ်ရင်း ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်ရေးနဲ့ ဒေသတွင်း ပူပူနွေးနွေး ပြဿနာတွေကို ဖြေရှင်းရာမှာ ဉာဏ်ပညာ ပံ့ပိုးပေးခဲ့တယ်လို့ ဝမ်ယိက ပြောပါတယ်။
နိုင်ငံတကာ လုံခြုံရေး အခြေအနေဟာ အပြောင်းအလဲတွေနဲ့ ပဋိပက္ခတွေကို မကြာခဏ အမြန် ကြုံတွေ့နေရတယ်၊ ရုရှားနဲ့ တရုတ်တို့ဟာ ပြင်ပသြဇာလွှမ်းမိုးမှုနဲ့ ဝင်ရောက်စွက်ဖက်မှု လက်အောက်ခံမဟုတ်ဘဲ လွတ်လပ်ရေးကို လိုက်နာပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေတယ်လို့ ပါထရူးရှက်ဗ်က ပြောပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ BRICS ယန္တရားတို့လို ဘက်စုံမူဘောင်တွေအောက်မှာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် တရုတ်နဲ့ ရုရှားတို့က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Source/Photo-Reuters