ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် စစ်ရှောင်အမျိုးသမီး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက် ည ၁၁ နာရီ ၄၀ အချိန် ဒီးမော့ဆိုမြို့ ရွှေတောင်ရပ်မှာရှိတဲ့ ၁၀၂ ခြေမြန်တပ်ရင်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးက ဒီးမော့ဆို အနောက်ဘက် ဒေါပေါ်ကူးကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး ၁၅ လုံးလောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ၄ လုံးက ဒေါပေါ်ကူးကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
နေအိမ်ပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၃၇ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး သေဆုံးခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ခင်ပွန်းဖြစ်သူနဲ့ အသက် ၁၇ နှစ်အရွယ် ညီမတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
“အခုသေဆုံးသွားတဲ့ အမျိုးသမီး မိသားစုက စစ်ရှောင်တွေပါ၊ ဒေါပေါ်ကူးရွာမှာ တောင်ယာလုပ်ဖို့ ပြောင်းလာကြတာ မကြာသေးပါဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ရာရရှိသူ ၂ ယောက်ကတော့ မျက်နှာ၊ လက်၊ ဦးခေါင်း၊ ခြေထောက်တို့ ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေပါတယ်။