တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့ရှိ V8 KTV မှာ မိန်းကလေးငယ် တယောက် စက်တင်ဘာ ၁၇ ရက် ညက K (Ketamine) မူးယစ်ဆေးဝါးသုံးပြီး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူ တဦးက ပြောပါတယ်။
"ရွှေကြောင့်ဖြစ်သွားတာ။ တကယ်ဆိုရင် မသေသင့်ဘူး။ သေချာ ထိန်းပေးမယ့် လူမရှိလို့လေ။"
သေဆုံးသွားတဲ့ မိန်းကလေးက နမ့်ဖတ်ကာ ဈေးအနီးနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် အားရုန်းဖြစ်ပါတယ်။
Happy Water (ခိုင်ချင်းရွှေ) ကတော့ တရုတ်လို ခိုင်ချင်းရွှေကို အဖျားဆွတ်ခေါ်ကြကာ အင်္ဂလိပ်လိုတော့ Happy Water လို့ခေါ်ကာ စိတ်ပျော်ရွှင်တက်ကြွပြီး ကခုန်စေနိုင်တယ်လို့ ဆိုပါတယ်။
K သုံးဖူးတဲ့ အမျိုးသမီးတဦးက "K (Ketamine) သုံးပြီး Happy Water (ခိုင်ချင်းရွှေ) ကို သောက်ရတယ်။ အဲဒါသောက်မှ ကနိုင်တာ။ ညောင်းတာလည်း မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ရင် ထိန်းပြီး ကကူပေးတဲ့လူ "ဟိုင်းမယ်" ငှားရတယ်။ ၁ နာရီကို ကျပ်ငွေ သုံးသောင်း ဝန်းကျင်ရှိတယ်။ တယောက်တည်း ထိန်း မပေးနိုင်ရင် နှစ်ယောက် ငှားရတယ်" လို့ ပြောပါတယ်။
KTV တွေမှာ K သုံးတဲ့သူတွေ သတိလစ်ရင် လိုက်ထိန်းပေးတဲ့ ဝန်ထမ်း "ဟိုင်းမယ်" တွေလည်း အဲဒီဆေးတွေ သုံးကြရပြီး တချို့ ပိုက်ဆံတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေက လစာပေး ခိုင်းထားတာလို့ ဆိုပါတယ်။
"ဆေးသုံးထားရင် လေစိမ်းတိုက်လို့ မရဘူး။ ခန္ဓာကိုယ်ကို လှုပ်ပေးနေမှ ရတယ်။ မဟုတ်ရင် လစ်သွားမှာ။"
အဲဒီဆေးတွေက ဆက်တိုက်သုံးရင် ဦးနှောက်ပျက်၊ ရူးသွားနိုင်တဲ့အပြင် ကျန်းမာရေး ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ်လို့ သိရပါတယ်။
လူငယ်တဦးက "သတိပြန်ရအောင် သေချာ မလုပ်ပေးလို့ သေတာ။ ရွှေသောက်ရင် ကရမယ်၊ မကရင် သတိလစ်မယ်။ ... ကြောက်ဖို့ကောင်းတယ်။ မဖြစ်ရင်လည်း မဖြစ်ဘူး။ ဖြစ်ရင်လည်း သေဖို့အရမ်းမြန်တယ်" လို့ ပြောပါတယ်။
အဲဒီ ဆေးအရှိန်တက်လာလို့ သတိလစ်သွားရင် သတိပြန်ဝင်အောင်၊ ဆေးပြေအောင် လုပ်ပေးရမှာဖြစ်ပြီး ကခုန်နေရင်တော့ ပျော်ရွှင်နေတာလို့ ဆိုပါတယ်။
မူဆယ်မြို့မှာရှိတဲ့ KTV တွေမှာတော့ အဓိက K ( Ketamine)၊ Happy Water (ခိုင်ချင်းရွှေ) နဲ့ E (Ecstasy) စတဲ့ မူးယစ်ဆေးတွေ အဓိက သုံးစွဲနေပြီး ကိုဗစ်ကာလ လွန်ပြီးနောက် ပိုမိုခေတ်စားလာကာ သေဆုံးသူတွေလည်း များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။