Home
နိုင်ငံတကာ
ဆစ်ခ်ခေါင်းဆောင် ၁ ဦး အသတ်ခံရမှုတွင် အိန္ဒိယအစိုးရနှင့် ပတ်သက်မှုရှိ မရှိ ကနေဒါ လေ့လာနေ
DVB
·
September 20, 2023
Sikh leader in Canada_Reuters_20092023

ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးခေါင်းဆောင် ကနေဒါနိုင်ငံသား ဟာဒိဆင်းဂ်နတ်ဂျာ ဇွန်လအတွင်း သတ်ဖြတ်ခံရမှုနဲ့ အိန္ဒိယအစိုးရတို့အကြား ဆက်စပ်မှုရှိတယ်လို့ ယုံကြည်ရလောက်တဲ့ အလားအလာရှိတဲ့ စွပ်စွဲချက်တွေကို ကနေဒါ လုံခြုံရေးအေဂျင်စီတွေက လေ့လာခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ယုံကြည်ရလောက်တဲ့ အချက်အလက်တွေရှိတယ်လို့ ကနေဒါအစိုးရက တနင်္လာနေ့မှာ ပြောခဲ့ပြီး အကြီးတန်း အိန္ဒိယထောက်လှမ်းရေး အရာရှိတဦးကိုလည်း ကနေဒါကနေ နှင်ထုတ်ခဲ့ပါတယ်။

ကနေဒါနိုင်ငံရှိ ဆစ်ခ်ဘာသာဝင် အသိုက်အဝန်း ခေါင်းဆောင်တွေက ထရူးဒိုးရဲ့ လုပ်ဆောင်ချက်ကို ကြိုဆိုခဲ့ကြပေမဲ့ ကနေဒါအစိုးရရဲ့ နောက်ထပ်ခြေလှမ်းတွေကို လှမ်းကြည့်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဆစ်ခ်ခေါင်းဆောင်တွေက ပြောပါတယ်။

ကနေဒါအာဏာပိုင်တွေက သူတို့ရဲ့ လွတ်လပ်တဲ့ ဇာတိမြေကို လိုလားတဲ့ ဆစ်ခ်ဆန္ဒပြသူတွေကို မနှိမ်နင်းလို့ အိန္ဒိယအာဏာပိုင်တွေက မကျေမနပ်ဖြစ်နေတဲ့အချိန်မှာ နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ဆိုးရွားလာပါတယ်။

ကနေဒါနိုင်ငံသားတယောက်ကို သတ်ဖြတ်ရာမှာ နိုင်ငံခြားအစိုးရရဲ့ ပါဝင်ပတ်သက်မှုဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လက်မခံနိုင်စရာ ချိုးဖောက်မှုဖြစ်တယ်လို့ ဝန်ကြီးချုပ် ထရူးဒိုးက ပြောပါတယ်။

ဟာဒိဆင်းဂ်နတ်ဂျာဟာ ဇွန် ၁၈ ရက်က ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် ဆာရေးမြို့က ဆစ်ခ်ဘုရားကျောင်း အပြင်ဘက်မှာ ပစ်သတ်ခံခဲ့ရပါတယ်။

သူဟာ ဆစ်ခ်အမိမြေကို လွတ်လပ်တဲ့ ခါလစ်စတန်နီနိုင်ငံ ပုံစံအဖြစ် ထောက်ခံခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ အိန္ဒိယနိုင်ငံက “အကြမ်းဖက်သမား” အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ အိန္ဒိယအခြေစိုက် The Tribune သတင်းစာက ဖော်ပြပါတယ်။

ကနေဒါနိုင်ငံဟာ အိန္ဒိယနိုင်ငံက ပန်ဂျပ်ပြည်နယ် အပြင်ဘက်မှာ ဆစ်ခ်ဘာသာဝင်ဦးရေ အများဆုံးရှိပြီး ကနေဒါဟာ အိန္ဒိယအစိုးရကို ဒေါသထွက်စေတဲ့ ဆန္ဒပြပွဲ အများအပြား ဆင်နွှဲရာနေရာ ဖြစ်ခဲ့ပါတယ်။

အိန္ဒိယမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ဆစ်ခ်သူပုန်ထမှုကို နှိမ်နင်းခဲ့ပေမဲ့ ခွဲထွက်ရေး တောင်းဆိုမှုကို ထောက်ခံပြီး အိန္ဒိယသံရုံးတွေအပြင်မှာ ဆန္ဒပြပွဲတွေ တခါတလေ လုပ်လေ့ရှိတဲ့ ကနေဒါနိုင်ငံက ဆစ်ခ်အဖွဲ့လေးတွေကို အိန္ဒိယအာဏာပိုင်တွေက သတိထား အာရုံစိုက်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024