တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ဖူအော်ပြည်နယ် ကျင်မိုက်တောင်ရှိ ရှေးဟောင်း လက်ဖက်သစ်တောတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ ညရှုခင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ စက်တင်ဘာ ၁၈ ရက်က ဖော်ပြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ ကျင်းပနေတဲ့ ၄၅ ကြိမ်မြောက် အစည်းအဝေးမှာ တရုတ်နိုင်ငံက အမည်စာရင်း တင်သွင်းထားတဲ့ အဆိုပါနေရာကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီက စစ်ဆေးသုံးသပ်ပြီး စက်တင်ဘာ ၁၆ ရက်မှာ ယဥ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့တာပါ။
ကျင်မိုက်တောင်ရှိ လက်ဖက်တောဟာ တရုတ်နိုင်ငံရဲ့ ၅၇ ခုမြောက် ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာခဲ့ပါတယ်။
ယူနယ်ပြည်နယ်၊ လားဟူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ကျင်မိုက်တောင်ရှိ လက်ဖက် အရင်းအမြစ်ကို အစောဆုံးအသုံးပြုခဲ့တဲ့ ရှေးဟောင်း လက်ဖက်သစ်တောနဲ့ ဆက်စပ်ယဥ်ကျေးမှု ရှုခင်းတွေကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းခဲ့တာလို့ ယူနက်စကိုက ပြောပါတယ်။
ကျင်မိုက်တောင်ပေါ်ရှိ လက်ဖက်တောတွေဟာ ၁၀ ရာစုထဲက ဘူလန်လူမျိုးတွေရဲ့ နည်းစနစ်တွေနဲ့ ရှင်သန်လာခဲ့ပြီး အနောက်ပိုင်းဒေသအတွင်း ဒိုင်လူမျိုးတွေနဲ့ တခြား တိုင်းရင်းသားတွေ ဝင်လာပြီးနောက် နည်းစနစ်တွေပူးပေါင်းကာ လက်ဖက်တောတွေကို ဒီနေ့ခေတ်အထိ ထိန်းသိမ်းခဲ့ပါတယ်။
ယဉ်ကျေးမှု၊ သဘာဝနဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ စုစုပေါင်း ၅၃ ခုကို စစ်ဆေးဖို့အတွက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ ကျင်းပနေပါတယ်။
Source/Photo-Xinhua