အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ တရုတ်ဒုသမ္မတ ဟန်ကျန်းနဲ့ စက်တင်ဘာ ၁၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခုရဲ့ တင်းမာနေတဲ့ ဆက်ဆံရေးကို တည်ငြိမ်စေဖို့ အစည်းအဝေးတွေ ဆက်တိုက်လုပ်နေချိန်မှာ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ဆက်စပ် ဆွေးနွေးပွဲအတွင်း တွေ့ဆုံခဲ့တာပါ။
ဘလင်ကန်နဲ့ ဟန်တို့အကြား တွေ့ဆုံပွဲဟာ အခုနှစ်နှောင်းပိုင်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား တွေ့ဆုံမှုအတွက် အခြေခံအုတ်မြစ်ချနိုင်တဲ့ အမေရိကန်နဲ့ တရုတ်အရာရှိတွေကြား နောက်ဆုံး အဆင့်မြင့်ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။
“ကျနော်တို့ရဲ့ ဆက်ဆံရေးကို တာဝန်ရှိရှိ စီမံခန့်ခွဲဖို့ ကမ္ဘာက မျှော်လင့်နေပါတယ်” လို့ ဟန်နဲ့ တွေ့တွေ့ချင်း တွေ့ဆုံမှုအစမှာ ဘလင်ကန်က အတိုချုံး အမှာစကား ပြောခဲ့ပါတယ်။
“အမေရိကန်ရဲ့ ရှုထောင့်ကနေကြည့်ရင် မျက်နှာချင်းဆိုင် သံခင်းတမန်ခင်း ဆက်ဆံရေးဟာ ကျနော်တို့သဘောမတူတဲ့ နယ်ပယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ကျနော်တို့ကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေကို ရှာဖွေဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်” လို့ ဘလင်ကန်က ပြောပါတယ်။
ခုလထဲ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင် ၂၀ ရဲ့ အစည်းအဝေးကို ရှီကျင့်ဖျင်က မတက်ဘဲ ရှောင်သွားတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဘိုင်ဒင်က ထုတ်ပြောခဲ့ပေမဲ့ “တွေ့ခွင့်ရမှာပါ” လို့ ပြောခဲ့ပါတယ်။
ဘိုင်ဒင်ဟာ ရှီနဲ့ တွေ့ဆုံဆွေးနွေးဖို့ နောက်လာမယ့် အခွင့်အရေးက ဆန်ဖရန်စစ္စကိုမြို့မှာ နိုဝင်ဘာလကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးဖြစ်ပြီး ဒီအစည်းအဝေးကို ကျင်းပဖို့ အမေရိကန်လက်ထောက်တွေက လပေါင်းများစွာ မျှော်လင့်ထားကြတာပါ။
ဒီလိုတွေ့ဆုံမှုမျိုး အကောင်အထည် ပေါ်လာမှာလားဆိုတာ ဘလင်ကန်ရော ဟန်ပါ သူတို့ရဲ့ မှတ်ချက်တွေမှာ အတိအလင်း မပြောထားပါဘူး။
Source/Photo-Reuters