ထိုင်းလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်အလုန်ကွဏ်း ဝမ်နရို့တ်နဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သွား ရောက်တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုခိုင်မာရေးနဲ့ တပ်မတော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဗိုလ်ချုပ်အလုန်ကွဏ်းနဲ့ အဖွဲ့ဝင်တွေဟာ မြန်မာ့လေတပ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အကြိမ် ၂၀ မြောက် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို တက်ရောက်အပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ခုလိုတွေ့ဆုံခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းလေတပ်ဦးစီးချုပ်နဲ့အဖွဲ့ကို နေပြည်တော် ဇေယျာသီရိခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိတွေပါ တက်ရောက်ခဲ့ပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ နှစ်နိုင်ငံတပ်မတော်ကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုကောင်းမွန်တဲ့အခြေအနေ၊ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအခြေအနေ၊ ထိုင်းနဲ့ မြန်မာ လေတပ်ချင်း ပူးပေါင်းဆောင်ရွက် လျက်ရှိတဲ့ အခြေအနေ၊ မြန်မာနဲ့ ထိုင်း တပ်မတော်ကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး High-level officers Committee နဲ့ မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး Thai-Myanmar Regional Border Committee နှစ်စဉ် ဆောင်ရွက်မှု အခြေအနေတွေ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ ထိုင်းလေတပ်ဦးစီးချုပ်နဲ့အဖွဲ့ဟာ မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော လေတပ်အရာရှိကြီးများနဲ့ သီးသန့်ထပ်မံတွေ့ဆုံပြီး လေတပ်ဖွဲ့က ဂုဏ်ပြုတပ်နဲ့ကြိုဆိုခဲ့ပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ နှစ်နိုင်ငံ လေတပ်သင်တန်းသားချင်း အပြန်အလှန်ခရီးသွားလည်ပတ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ကာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံကို နေပြည်တော်မှာ စက်တင်ဘာ ၁၃ မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့ပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအို စတဲ့ အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံမှ လေတပ်ဗိုလ်ချုပ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပေမဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူ လေတပ်စစ်ဦးစီးချုပ်တွေကတော့ မတက်ရောက်ခဲ့ကြပါဘူး။
Source/Photo-MGR Online