စက်တင်ဘာ ၁၈ ရက်ကနေ ၂၄ ရက်အထိ တပတ်တာအတွက် စားသုံးဆီ ၁ ပိဿာ ရည်ညွှန်းဈေး ၈၄ ကျပ် ပြန်ကျသွားတယ်လို့ ရန်ကုန်မြို့ စားသုံးဆီရောင်းဝယ်ရေး လုပ်ငန်းတွေက ပြောပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ် စားသုံးဆီ ရည်ညွှန်းဈေးကို ၄,၅၂၄ ကျပ်ကနေ ကျပ် ၄,၄၄၀ ကို ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
တပတ်တာအတွက် စားသုံးဆီဈေး အနည်းငယ် လျေှာ့ချသတ်မှတ်ပေမဲ့ စက်တင်ဘာ ၄ ရက်ကနေ ၁၀ ရက်အထိ သတ်မှတ်ခဲ့တဲ့ ရည်ညွှန်းဈေး ၄,၁၆၀ ကျပ်နဲ့ နှိုင်းယှဉ်ပါက ကျပ် ၂၈၀ အထိ ဈေးတက်နေဆဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့ ဆီရောင်းဝယ်ရေးဆိုင်တခုက “၈၀ ကျော်လောက် ကျသွားတယ်။ တန်းစီရင် အရင်က တယောက်ကို ၅၀ သားကနေ ဒီတပတ် ၁ ပိဿာအထိ ရောင်းနိုင်လာပါတယ်။ လဆန်းပိုင်းလောက်ကဈေးနဲ့ ယှဉ်ရင်တော့ ဈေးကြီးနေသေးတယ်။ အခုဈေး ၄,၄၄၀ ဆို ဆိုင်မှာ ၅,၁၀၀ နဲ့ လက်လီရောင်းရတယ်” လို့ ပြောပါတယ်။
စားသုံးဆီလက်လီဈေးကို အရင်းဈေးနှုန်းရဲ့ အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့၊ လက်ကားကုန်သည်အရောင်းဆိုင်ကြီးတွေက အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ကျစရိတ် ပေါင်းပြီးတဲ့ ဈေးနဲ့သာ ရောင်းချဖို့ဆိုတဲ့ စာမှာ ဆိုင်ရှင်တွေက လက်မှတ်ရေးထိုးထားရပါတယ်။
ပြည်တွင်းစားသုံးဆီ တပတ်စာရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေအပေါ် မူတည်ပြီး အခြေခံတွက်ချက်ကာ ရည်ညွှန်းအရင်းဈေး အတက်အကျပေါ် မူတည်ပြီး ပြင်ပလက်လီဈေး အပြောင်းအလဲရှိတယ်လို့ သိရပါတယ်။