ကာတာအစိုးရက လနဲ့ချီပြီး စေ့စပ်ညှိနှိုင်း ဖြန်ဖြေပေးပြီးတဲ့နောက် အီရန်နဲ့ ရန်သူ အမေရိကန် နိုင်ငံတို့ကြား အကျဉ်းသား ငါးဦးစီ လဲလှယ်ပေးပြီး ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိတဲ့ အီရန်ရန်ပုံငွေ တွေကို ပြန်ထုတ်မပေးဘဲ ထိန်းချုပ်ထားရာကနေ ပြန်ဖြေလျှော့ပေးဖို့ သဘောတူညီချက်တရပ်ကို စက်တင်ဘာလ ၁၈ ရက်မှာ အီရန် အစိုးရက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နတ်ဆား ခါနားနီက တောင်ကိုရီယားမှာ ထိန်းသိမ်းထားတဲ့ အီရန် ရန်ပုံငွေတွေဟာ အီရန်ရဲ့ လက်ဝယ်မှာ တနင်္လာနေ့မှာ ရှိလာမှာဖြစ်ပြီး အမေရိကန်မှာ ထိန်းသိမ်းထားတဲ့ အီရန်နိုင်ငံသား ငါးဦးနဲ့ အီရန်မှာ ထိန်းသိမ်း ထားတဲ့ အမေရိကန် နိုင်ငံသား ငါးဦးကို လဲလှယ်မယ်လို့ ဆိုပါတယ်။
ဂရုတစိုက်ပုံဖော်ထားတဲ့ သဘောတူညီချက်အရ အီရန် အမေရိကန် နိုင်ငံသား ၂ မျိုး ခံယူထားတဲ့ အမေရိကန် နိုင်ငံသား ငါးဦးဟာ တီဟီရန်မြို့တော်ကနေ ထွက်ခွာပြီး ကာတာနိုင်ငံ မြို့တော် ဒိုဟာဆီ ဦးတည် ပျံသန်းမှာပါ။
အဲဒီနောက် အမေရိကန်ဆီ လေယာဉ်နဲ့ ပျံသန်းသွားမယ်လို့ သတင်းရင်းမြစ်တွေက ယခင်က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
အပြန်အလှန်အားဖြင့် အမေရိကန်မှာ ထိန်းသိမ်းခံထားရတဲ့ အီရန်နိုင်ငံသားငါးဦးကို ပြန်လွှတ်ပေးမှာပါ။
ပြန်လွှတ်ခံရသူ နှစ်ဦးက တောင်းဆိုမှုအရ အီရန်နိုင်ငံဆီ ပြန်လာမှာဖြစ်ပြီး နောက်နှစ်ဦးက အမေရိကန်မှာ ဆက်နေမယ် နောက် တစ်ဦးကတော့ တတိယနိုင်ငံမှာ သူ့မိသားစုနဲ့ ပူးပေါင်းမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
သဘောတူညီချက်ရဲ့ ပထမခြေလှမ်းအနေနဲ့ အမေရိကန်က တောင်ကိုရီးယားကနေ ကာတာနိုင်ငံ ဆီကို အီရန်ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံ လွှဲပြောင်းခွင့်ပြုဖို့ အရင်က ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးခဲ့ပါတယ်။
အမေရိကန် အစိုးရက အီရန်အစိုးရ အပေါ် တင်းတင်းကျပ်ကျပ် ပိတ်ဆို့အရေးယူ ထားချိန်မှာ ပုံမှန်အားဖြင့် အီရန်ရဲ့ အကြီးဆုံး ရေနံဖောက်သည်တွေထဲက တနိုင်ငံဖြစ်တဲ့ တောင်ကိုရီယားမှာ ရန်ပုံငွေတွေကို ပိတ်ဆို့ထားခဲ့ပြီး ငွေကြေးတွေကို လွှဲမပေးနိုင်ခဲ့ပါဘူး။
သဘောတူညီချက်အရ အစားအသောက် နဲ့ ဆေးဝါးတွေလို ဒဏ်ခတ်ပိတ်ဆို့မှုမရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုန်ပစ္စည်းတွေပေါ်မှာ အီရန်က ရန်ပုံငွေတွေကို ဘယ်လိုသုံးလဲဆိုတာ စောင့်ကြည့်ဖို့ ကာတာအစိုးရက သဘောတူခဲ့ပါတယ်။
Source/Photo-Reuters