မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို မန္တလေးဘက်ကနေ စစ်ကူလာတဲ့ စစ်ကား ၃ စီး စက်တင်ဘာ ၁၈ ရက် မနက် ၆ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၂၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ စစ်ကား ၃ စီးကို PDF တပ်ရင်း ၁၂၂၁ နဲ့ ၁၂၂၃ မှ ရဲဘော်တွေက မိုင်းလေးလုံးဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် ပထမတစ်စီးလည်း RPG ထိမှန်ပျက်စီးခဲ့တယ်လို့ မိုးကုတ်အခြေပြု တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
"နောက်တစ်စီးက နည်းနည်းပဲထိတာ၊ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်၊ အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး၊ မြေပြင်မှာ ဆက်လုပ်စရာတွေရှိသေးတယ်။”
စစ်ကား ၃ စီးမိုင်းဆွဲခံလိုက်ရပြီးနောက် ပျက်စီးသွားတဲ့ကားနဲ့ အလောင်းတွေကို စစ်တပ်က လာမကောက်ပဲ နာရေးကူညီမှုအသင်းကားတွေက လာသယ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက "သေနတ်ပစ်သံတွေလည်းကြားရတယ်။ ပေါက်ကွဲသံတွေလည်းကြားရတယ်။ အဲ့ဒီနားက ဖြတ်လာတော့ သူတို့လက်နက်တွေလည်းအဲ့တိုင်းပဲ။ ကားပေါ်မှာလည်း အလောင်းတွေ တွေ့ခဲ့တယ်။ ကားနှစ်စီးလည်း ချောက်ထဲမှာ မှောက်နေတယ်"လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၀ ရက်က ကစတင်ပြီး TNLA နဲ့ ပူးပေါင်းတပ်ဖြစ်တဲ့ မိုးကုတ်အခြေပြု PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။