နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (ခ) နဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး စက်တင်ဘာ ၁၈ ရက် ရုံးထုတ်မှာ ကျန်းမာရေးမကောင်းဖြစ်လာတဲ့အတွက် စစ်တွေဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးမှာ ရုံးထုတ်နေစဉ် သွေးတိုးလာတဲ့အတွက် တရားရုံးတာဝန်ရှိသူတွေက ဆေးကုသမှုခံယူဖို့ ညွှန့်ကြားလိုက်တာလို့ ဆိုပါတယ်။
ဒေါ်ညိုအေးမှာ သွေးတိုးရောဂါအပြင် အသည်းအဆီဖုံးပြီး နှလုံးအမောဖောက် တတ်တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဒီနေ့ရုံးချိန်း ရုံးထုတ်လာတာမှာ သွေးတိုးလာတဲ့အတွက် ဆေးရုံကို တရားရုံးတာဝန်ရှိသူတွေက အရေးပေါ် ပို့ဆောင်ဖို့ ညွှန်ကြားခဲ့ကြတယ်။ ဆေးရုံမှာ ဓာတ်မှန်ရိုက်တော့ အသည်းမှာ အဆီဖုံး ရောဂါဖြစ်နေတယ်လို့ ပြောပါတယ်။ နှလုံးရောဂါလည်း အရင်က ခဏခဏ အမောဖောက်တတ်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။ အခုတော့ စစ်တွေထောင်သို့ ယူသွားပါပြီ” လို့ ပြောပါတယ်။
ဒေါ်ညိုအေးကို စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ စစ်တွေမြို့နယ် တရားရုံမှာ တရားစွဲဆိုထားတာပါ။
ဒေါ်ညိုအေးရဲ့ ကျန်းမာရေးအခြေမှာ ဆေးရုံတက်ကုသသင့်တဲ့အတွက် ဆေးကုသခံယူခွင့် ပေးသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတဦးက ပြောပါတယ်။
“သူရဲ့ ကျန်းမာရေးက ဆိုးဝါးနေတဲ့အတွက် ဆေးရုံမှာနေပြီးတော့ ဆေးကုခွင့်ပေးသင့်တယ်။ နောက်ပြီး သူမက အသက်လည်းကြီးနေပြီဆိုတော့ သေသေချာချာဆေးကုသမှု မခံရရင် ကျန်းမာရေး အခြေအနေက ပိုပြီးတော့ ဆိုးသွားနိုင်တယ်။”
ဒေါ်ညိုအေးဟာ ရခိုင်ပြည်အတွင်း အမျိုးသမီးအရေးတွေကို တက်ကြွကြွ လှုပ်ရှာနေသူတဦးဖြစ်ပြီး ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် ဩဂုတ် ၁၅ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက် စစ်တွေမြို့ မြို့မရဲစခန်းမှူးက တရားလိုလုပ်ပြီးတော့ စစ်တွေမြို့နယ် တရားရုံးမှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတာပါ။