မြန်မာပြောင်းတင်ပို့မှုကို ထိုင်းနိုင်ငံကပိတ်လိုက်ပြီးနောက် ပြောင်းဈေး ဆက်တိုက် ဈေးကျ ဆင်းလာတယ်လို့ ပြောင်းတောင်သူတွေထံကနေ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြောင်းစိုက်ပျိုးသူတဦးက “ဒီထက်မကျဖို့ဘဲ ဆုတောင်းနေရတာ။ အခု အသစ်တွေကလည်း ချိုးနေပြီ။ တချို့နေရာတွေကတော့ ချိုးပြီးပြီ။ တောင်သူက ဘာလုပ်နိုင်မှာလဲ။ လှောင်လို့နိုင်တဲ့သူက ဈေးကောင်းရမှာပေါ့” လို့ ပြောပါတယ်။
လက်ရှိ အပြင်ဈေးကွက်မှာ ပြောင်းအစို ၁ ပိဿာကို ငွေကျပ် ၇၀၀ ကနေ ၈၀၀ ကြား ပေးဝယ်နေပြီး အစိုရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်းကျော်ရင်တော့ မဝယ်ဘူးလို့ သိရပါတယ်။
ပြောင်းအဟောင်းဈေးကတော့ ၁ ပိဿာကို ကျပ် ၁,၀၀၀ ကနေ ၁,၀၅၀ ကြား ဈေးပေးဝယ်နေတယ်လို့ သိရပါတယ်။
ပြောင်းစိုက်ပျိုးတင်ပို့ရောင်းချသူ တောင်သူတဦး “မနှစ်ကလည်း ဒီလောက်နီးပါးပဲ ဈေးရတာ။ ဒါပေမဲ့ ဒီနှစ်က ကုန်ကျစရိတ်တွေက ပိုတက်လာတော့ ပိုပြီးရှုံးတာပေါ့။ တရုတ်ကို ပို့ပေမယ့်လည်း အများကြီး မပို့ရဲဘူး။ အခြေအနေတွေက မတည်ငြိမ်တာနဲ့” လို့ ပြောပါတယ်။
ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာတော့ ပြောင်းဆန် ၁ ပိဿာကို ကျပ် ၁,၁၇၀ ကနေ ၁,၁၉၀ ပေါက်ဈေးရှိပြီး ၁၅ ရက်အတွင်း ၁ ပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ၅၆ ပိဿာဝင် ၁ အိတ်ကို ကျပ် ၅၆,၀၀၀ မှ ၅၇,၀၀၀ ပေါက်ဈေးရှိပြီး ၁၅ ရက်အတွင်း ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
၂၀၂၂ ခုနှစ်ကတော့ ပြောင်းတအိတ်ကို ကျပ် ၅၃,၀၀၀ မှ ၅၄,၀၀၀ ကြား ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် ပြောင်းတန်ချိန် ၃ သန်းနီးပါးထွက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက အများဆုံး ထွက်ရှိတယ်လို့ သိရပါတယ်။