ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာဆီ စစ်ကြောင်းထိုးချီတက်လာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီ တပ်မ ၄၄ ၊ တပ်မ ၂၂ နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) အပါအဝင် အင်အား ၇၀ ဝန်းကျင်လောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) 9903 နဂါးနီစစ်ကြောင်းတို့က ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီနေ့မနက် ၇ နာရီ ၁၅ မိနစ် လောက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၁၀ နာရီခွဲလောက်မှာ ပြီး ဆုံးခဲ့ကာ စစ်ကောင်စီတပ်တွေဘက်က လွန်စွာအထိနာပြီးတော့ ပြန်လည်ဆုတ်ခွာသွား ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က Mi-35 ရဟတ်ယာဉ်နဲ့ နာရီဝက်နီးပါး လာ ရောက်ပစ်ခတ်တဲ့အပြင် အဘစ်ရွာ အမြောက်တပ်ကလည်း ၁၂၂ မမ ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က ဒုတိယဗိုလ်မှူးကြီး ကတော့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပစ်ခတ်တဲ့ စနိုက်ပါကျည်နဲ့ သေဆုံးခဲ့ပြီး BGF တပ်ခွဲမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) 9903 နဂါးနီစစ်ကြောင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော်ပမာဏဖြစ်တဲ့ အယောက် ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။