အခုသီတင်းပတ်အတွင်း မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးများပြီး ရေကြီး၊ မြေပြိုဘေး သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
ဒီကနေ့ စက်တင်ဘ ၁၈ ကနေ လာမယ့် ၂၄ ရက်အထိ ရက်သတ္တပတ်အတွင်း မိုး လေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး လာမယ့် ရက်သတ္တပတ်မှာ မိုးနှောင်းကာလသဘောလက္ခဏာတွေအဖြစ် မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ စတဲ့ အခြေအနေတွေ ပြန်တွေ့လာရနိုင်တယ်လို့ ဆိုပါတယ်။ မုတ်သုံလေဟာလည်း ၄ ရက်လောက် အားကောင်းလိုက်၊ ၃ ရက်လောက် အားပြန်လျော့ကျလိုက်နဲ့ အတက်အကျမြန်လာပြီး မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဉ်ကို ချဉ်းကပ်လာမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မုတ်သုံအဆုတ်မိုးက ဒုတိယရေကြီးကာလဖြစ်စဉ်ကို မြန်မာနိုင်ငံ မြစ်ကြီး၊ မြစ်ငယ်အသီးသီးမှာ ပြန်လည်ကြုံတွေ့ရမယ့် ကာလဖြစ်တာကို သိထားကြစေလိုတယ်လို့ ထုတ်ပြန်ထားတာပါ။
ထူးခြားချက်ကတော့ အခုလာမယ့် ရက်သတ္တပတ်အတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းကနေ မုတ်သုံလေ စတင်ဆုတ်ခွာနိုင်ပြီးတော့ တပြည်လုံးမှာ မုတ်သုံလေအင်အား တဖြည်းဖြည်း ပြန်လည်လျော့လာမယ့် အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ အိန္ဒိယနိုင်ငံပေါ်မှာ မုတ်သုံလေ ဖိအားနည်းဆဲလ်တွေ ကွဲထွက်လာတာ၊ အိန္ဒိယနိုင်ငံပေါ်မှာ အနောက်- အရှေ့ရွေ့လျားတာ၊ မုတ်သုံဆဲလ် အားနည်းလာတာစတဲ့ အိန္ဒိယအနောက်မြောက်ပိုင်းမှာ မုတ်သုံလေ ဆုတ်ခွာစေမယ့် လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ မုတ်သုံလေအင်အား အတက်အကျပေါ် မူတည်ပြီးတော့ နေရာကွက်ပြီးတော့ မိုးကြီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
မိုးကြီးတာနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ဆက်စပ်တဲ့ မြစ်ချောင်းတွေနဲ့ မြို့ နယ်တွေမှာ ရေကြီးတာ၊ မြို့ပြ၊ ကျေးရွာတွေ ရေဘေး၊ မြေပြိုဘေးနဲ့ လမ်းတံတားတွေ ထိခိုက်ပျက်စီးတာတွေကို သတိပြုသွားလာ နေထိုင်သင့်တယ်လို့လည်း အသိပေးထုတ် ပြန်ထားပါတယ်။
မိုးအခြေအနေအနေနဲ့ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်မှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ရှမ်းပြည် နယ်၊ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာစိပ်စိပ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်တိုင်း၊ ချင်းပြည်နယ်နဲ့ နေပြည်တော်တို့မှာ နေရာကျဲကျဲနဲ့ ကျန်ဒေသတွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာကတော့ မုတ္တမကွေ့နဲ့ တနင်္သာရီကမ်းရိုးတန်းတို့မှာ အနောက် ဘက်ကလေဟာ တနာရီကို ၁၅ မိုင်ကနေ ၂၅ မိုင်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအ သင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။