ကေပေါ့ပ် ကိုရီးယားဂီတအဖွဲ့ BTS ရဲ့ ကြယ်ပွင့် ရှူးဂါးဟာ စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင် စစ်မှုထမ်းတော့မှာဖြစ်တယ်လို့ သူ့ရဲ့အေဂျင်စီ BigHit Music က စက်တင်ဘာ ၁၇ ရက်မှာ အဖွဲ့ရဲ့ ပလက်ဖောင်းဖြစ်တဲ့ Weverse မှာ ကြေညာခဲ့ပါတယ်။
အဆိုတော် ရှူးဂါးဟာ အဖွဲ့ဝင် ဂျင် နဲ့ ဂျေဟုပ်တို့ရဲ့နောက်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုမထမ်းမနေရစနစ်အောက်မှာ မဖြစ်မနေ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်ရမယ့် နာမည်ကြီး ကေပေါ့ပ် အဖွဲ့ရဲ့ တတိယမြောက် အဖွဲ့ဝင် ဖြစ်ပါတယ်။
အဆိုတော် ရှူးဂါးဟာ လေ့ကျင့်ရေးစခန်းကို ဝင်ရောက်တဲ့နေ့မှာ တရားဝင်ပွဲတွေ ကျင်းပမှာ မဟုတ်ဘူးလို့ BigHit က ပြောကြားခဲ့ပြီး “သူ့ရဲ့ တာဝန်ထမ်းဆောင်မှု ကာလအတွင်း သူ့ရဲ့လုပ်ငန်းခွင်ကို လာရောက်တာတွေကို ရှောင်ကြဉ်ဖို့” ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။
ပခုံးဒဏ်ရာကြောင့် လူမှုဝန်ထမ်းတဦးဖြစ်မယ်လို့ ထင်ကြေးပေးမှုတွေရှိပေမဲ့ ဘယ်ဌာနမှာ တာဝန်ထမ်းဆောင်မယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
အသက် ၃၀ နှစ်အရွယ် အဆိုတော်ရှူးဂါးဟာ စက်တင်ဘာ ၁၇ ရက်က Weverse တိုက်ရိုက်ထုတ်လွှင့်မှုမှာ ARMY လို့ခေါ်တဲ့ ပရိသတ်တွေကို နှုတ်ဆက်စကား ပြောကြားခဲ့ပြီး သူ့ရဲ့ စစ်မှုထမ်းခြင်းဟာ ငိုစရာအကြောင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
“အရမ်းကြီးစိတ်မပူပါနဲ့၊ ၂၀၂၅ မှာတွေ့မယ်” လို့ သူကဆိုပါတယ်။
တောင်ကိုရီးယားရှိ အသက် ၁၈ မှ ၂၈ နှစ်ကြား အမျိုးသားအားလုံးဟာ စစ်မှုထမ်းရတဲ့ စနစ်အောက်မှာ ၁၈ လကနေ ၂၁ လအထိ စစ်မှုထမ်းဖို့ ဥပဒေအရ လိုအပ်ပါတယ်။
Source-CNA