အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တောင်ပိုင်းမှာ အခြေချထားတဲ့ NUG လက်အောက်ခံ တမူး PDF တပ်ရင်း ၄ စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီခွဲက စစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်ပြီး အလစ်ငိုက်ဝင်စီးနင်းတာကြောင့် စခန်းကို စွန့်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
တမူး PDFတာဝန်ရှိသူတဦးက "စခန်းက အရာရှိတဲ ၈ လုံး မီးရှို့ခံခဲ့ရတယ်။ ကျည်တချို့လည်း ဆုံးရှုံးထားတယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ပြီး ဝင်ခဲ့တာဆိုတော့ သတင်းကြိုမသိလိုက်ရတာ" လို့ ပြောပါတယ်။
တပ်ရင်းစွန့်ခွာရစဉ်မှာပဲ စစ်တပ်လက်နက်ကြီးကြောင့် ရဲဘော် ၆ ဦး ဒဏ်ရာရရှိပြီး ဆေးကုသနေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တပ်ရင်းက ရဲဘော်တွေနဲ့ မိသားစုတွေဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်ကလည်း ABSDF နဲ့ PDF စခန်းတွေအပါအဝင် တမူးပြည်သူ့ကာကွယ်ရေး မဟာမိတ်စခန်း ၆ ခု ကို စစ်ကောင်စီတပ်က သိမ်းပိုက်ခဲ့ပါသေးတယ်။