Home
မြန်မာသတင်း
မင်းတပ်တွင် စစ်ရှောင်ကလေးငယ်များ အရေပြားရောဂါဖြစ်၊ ကန့်ဘလူ၌ ရာသီတုပ်ကွေး အဖြစ်များ
DVB
·
September 18, 2023
375972096_1643216019501220_3469721247157832722_n

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မြောက်ပိုင်း ကျေးရွာတွေမှာ  စစ်ဘေးရှောင်တွေ အပါအဝင် ကလေးငယ်တွေ အရေပြားနဲ့ ပတ်သက်တဲ့ရောဂါ ဖြစ်ပွားနေကြတယ်လို့ ဒေသခံ ဆရာဝန်တွေဆီက သိရပါတယ်။

မင်းတပ်မြို့နယ်မြောက်ပိုင်းကျေးရွာတွေက ကလေးငယ် ၈၀ ရာခိုင်နှုန်းနီးပါးနဲ့  လူကြီးတချို့ပါ အရေပြား ရောဂါဖြစ်ပွါးနေကြရတာလို့ ဒေသတွင်းမှာ ကျေးလက်နေပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့  ဆရာဝန်တစ်ဦးက ပြောပါတယ်။ 

မင်းတပ်မြို့ခံအများစုဟာ စစ်ဘေးရှောင်တွေဖြစ်ကြပြီး အချိန်တိုင်းနီးပါး တိမ်းရှောင်နေကြရလို့  ကလေးတွေဟာ တကိုယ်ရည် သန့်ရှင်းရေး အားနည်းတာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရှားပါးမှုတွေကြောင့်  အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေ အဖြစ်များနေကြတာပါ။

အရေပြားရောဂါဟာ  ရေဓာတ်ခမ်းခြောက်တာ၊  တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာနဲ့ အဟာရ ဓာတ်မလုံလောက်မှုတွေကြောင့် အဓိကဖြစ်ပွားရတာလို့ သိရပါတယ်။

ဒေသခံ ဆရာဝန်တစ်ဦးက “အဓိကက သန့်ရှင်းရေးအားနည်းတာပေါ့လေ၊ ရာသီဥတုက အရမ်းအေးတော့ တပတ်တ်မှာ ရေ နှစ်ခါလောက်ပဲချိုးရတယ်။ နယ်ခံအများစုက စစ်ရှောင်တွေဖြစ်တယ်။ မိဘတွေက တောင်ယာသွားရတော့ ကလေးတွေကို ဂရုမစိုက်အားဘူး သန့်ရှင်းမှု အားနည်းကြတာပေါ့” လို့ ပြောပါတယ်။

မင်းတပ်မြို့နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ  အရေပြားရောဂါအပြင် ဝမ်းပျက်ဝမ်းလျော၊ ရာသီတုပ်ကွေးရောဂါတွေလည်း အဖြစ်များနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာလည်း ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်တွေ ချောင်ဆိုးတာနဲ့ ရာသီတုပ်ကွေးရောဂါ အဖြစ်များနေတယ်လို့  စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတဦးက ''ကိုးတောင်ဘို့တိုက်နယ်မှာ ကြာရင် စစ်ရှောင်တွေရဲ့ ကျန်းမာရေးအခြေအနေတွေက ရှေ့ရှောက်  စိုးရိမ်စရာရှိပါတယ်၊ အခုက စစ်ရှောင်တွေမှာ ချောင်းဆိုးတာနဲ့ ရာသီတုပ်ကွေး အဖြစ်များနေပါတယ်၊ ကျွမ်းကျင်ဆရာဝန်တွေတော့ ကုသပေးနေပါတယ်''လို့ ပြောပါတယ်။

ကိုးတောင်ဘို့အုပ်စုမှာ အမြဲတမ်း စစ်ရှောင်ဦးရေ ၆၃၀၀  လောက်ရှိပြီး စားဝတ်နေရေးနဲ့ အခြေခံ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကျန်းမာရေးကုသပေးတဲ့ ကျန်းမာရေးမှူးထံက သိရပါတယ်။

ကျန်းမာရေးမှူးက ''ရောဂါကတော့ ရာသီဥတုကြောင့်ဖြစ်မယ်၊ တော်တော်များများက ချောင်းဆိုးတယ်၊ နှာစေးတယ်၊ ဘယ်နှစ်ယောက်လဲဆိုတာထက် စစ်ရှောင်တနေရာစီမှာ ဖြစ်နေကြတာပါ။ ကျနော်တို့ဘက်က နည်လှည့် ကုသမှုတွေ တတ်နိုင်သလောက် ပြုလုပ်နေ ပါတယ်'' လို့ ပြောပါတယ်။

ကျန်းမာရေးမကောင်းတဲ့ စစ်ရှောင်ပြည်သူတွေကို တော်လှန်ရေးအင်အားစု ကျွမ်းကျင် ဆရာဝန်တွေက ကုသပေးနေပြီး စစ်ရှောင်တွေဟာ မြွေအန္တရာယ်နဲ့လည်း ရင်ဆိုင်ရလို့ မြွေကိုက်ခံရလို့  သေဆုံးခဲ့ရသူတွေလည်း  ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024