အဲဗာတန်ကွင်းမှာ ၆ နှစ်ကြာ အနိုင်မရခဲ့တာကို ချေဖျက်နိုင်ခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်ကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
အာဆင်နယ်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အဲဗာတန်ရဲ့ ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာ အနိုင်မရခဲ့တာဖြစ်ပြီး အခုနှစ်ရာသီမှ နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။
ပွဲမတိုင်ခင်ကတည်းက ၆ နှစ်ကြာ အနိုင်မရခဲ့တာကို ကစားသမားတွေနဲ့ ဆွေးနွေးခဲ့ကြပြီး စိန်ခေါ်မှုတစ်ခု ဖြစ်ကြောင်းနဲ့ သေးငယ်တဲ့အခိုက်အတန့်တိုင်းမှာ အကောင်းဆုံးကစားနိုင်ဖို့ ပြင်ဆင်ခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး လူစားဝင်ကစားသမား ထရော့ဆတ်ရဲ့ သွင်းဂိုးက ဘယ်လ်ဂျီယံအသင်းမှာလည်း အလားတူသွင်းခဲ့ပြီး မယုံကြည်နိုင်စရာကောင်းကြောင်း နည်းပြအာတေတာက ချီးကျူးပါတယ်။
မာတင်နယ်လီဟာ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးမှသာ အသေးစိတ်သိရှိရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပွဲအပြီးမှာ ပြောသွားပါတယ်။
Photo-Reuters