မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ကုန်းစံကျေးရွာအနီးတဝိုက်နဲ့ အနောက်ပိုင်း ဒေါ်နန်းကြည်တောင် အနောက်ဘက်ကျေးရွာဘက်ကို စက်တင်ဘာ ၁၇ ရက်နေ့ ဒီနေ့ ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့စတင်ပြီး မိုးကုတ်မြို့အရှေ့ပိုင်းဘက်က ကုန်းစံကျေးရွာဘက်မှာ TNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပစ်ခတ်နေတာလို့ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းဒေသခံတယောက်က “မြို့ထဲတော့မဟုတ်ဘူး။ လေယာဉ်ပစ်တာက တောဘက်ကျေးရွာတွေကို ပစ်တာ။ ၅ လုံးချသွားတယ်။ တနေကုန်ခေါင်းပေါ်မှာ လေယာဉ်တွေ ဝဲနေတယ်” လို့ ပြောပါတယ်။
တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှု အခြေနေကိုတော့ မသိရသေးပါဘူး။
မိုးကုတ်မြို့ အနောက်ပိုင်းနေထိုင်သူဒေသခံတယောက်က “ရုပ်ရှင်ဆန်ဆန်ပဲ၊ ဝဲဝဲပြီး ပစ်သွားတာ၊ ၂ လုံးချသွားတယ်။ တအုန်းအုန်းနဲ့။ မြို့ထဲတော့မဟုတ်ဘူး။ မြို့အနောက်ဘက်ရွာတွေကို ပစ်သွားတာ” လို့ ပြောပါတယ်။
မိုးကုတ်မြို့နယ်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖြစ်တဲ့ မိုးကုတ်အခြေပြုတပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၁၂၂၁၊ ၁၂၂၃ တို့က မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့မှုပြင်းထန်နေပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးတဲ့နေရာမှာ နေကြဖို့ သတိပေးစာထုတ်ပြန်ထားပါတယ်။