မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မြဝတီဘဏ်ရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ရဲတွေကို စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship PDF အဖွဲ့ဆီက သိရပါတယ်။
၈၁လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားမှာရှိတဲ့ မြဝတီဘဏ်ရှေ့မှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်ချိန်မှာ ရဲကားတစီးလည်း အရှေ့မှာ လာရပ်ထားတာကြောင့် အဲဒီရဲကားကိုပါ ထိခိုက်နိုင်ပြီး ထိခိုက်ဒဏ်ရာရသူ များနိုင်တယ်လို့ အဖွဲ့တာဝန်ခံ ရဲဘော်နဂါးကြီးက ဆိုပါတယ်။
“တိုက်ခိုက်ချိန်မှာတော့ တုန့်ပြန်မှုမရှိပါဘူး။ အလစ်အငိုက်လို ဖြစ်သွားတာပေါ့။ မထင်မှတ်တဲ့ နေရာဆိုတော့ တကယ်မြို့လယ်ခေါင် တည့်တည့်ပါပဲ။ အနီးမှာလည်း အစစ်ဆေးတွေ၊ အထိုင်ကင်းတွေ ပတ်ချာလည်ပါပဲ” လို့ သူက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် အုပ်ချုပ်ရေးမှူးအပါဝင် ရဲ ၁၀ ယောက်လောက်ရောက်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးသလို ဗုံးထိမှန်တဲ့ ရဲကို လူနာတင်ကားနဲ့ ဆေးရုံကိုခေါ်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက တဆင့် သိခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သိထားရပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်က နေရာတိုင်းမှာ နေ့တိုင်းနီးပါး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။