အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်က သီတင်းနှစ်ပတ်ကျော်ကြာ လူထု မြင်ကွင်း ကနေ ပျောက်ကွယ်သွားခဲ့တဲ့ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လီရှန်းဖှူရဲ့ အခြေအနေကို မသိဘူးလို့ စက်တင်ဘာ ၁၅ ရက်က ပြောခဲ့ပါတယ်။
ဒါဟာ အခြေခံအားဖြင့် တရုတ်အစိုးရက ဆုံးဖြတ်ရမယ့် ကိစ္စရပ်ပဲလို့လည်း သူက ပြောပါတယ်။
“တရုတ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံဖို့ ကျွန်တော်တို့ အပြည့်အဝ ပြင်ဆင်ထားဆဲပါ။ ဒီတာဝန်တွေကို ထမ်းဆောင်သူ ဘယ်သူနဲ့မဆို အချိန်မရွေးပါပဲ။ ဒီနှစ်နွေရာသီ အစောပိုင်းက ကျွန်တော် ဘေဂျင်းကို သွားတုန်းကလိုပဲ၊ ဒီလုပ်ငန်းတာဝန်ကို ဘယ်သူက ဆက်ပြီး ကိုင်ထားပါစေ ဆက်ပြီးထိတွေ့ ဆက်ဆံဖို့ မျှော်လင့်ပါတယ်”လို့ ဘလင်ကန်က ဆက်ပြောပါတယ်။
လီကို တရုတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ဒီအရေးနဲ့ ပတ်သက်နီးစပ်သူ ဆယ်ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters