ကချင်ပြည်နယ် ၊ လိုင်ဇာမြို့နယ်နားက စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်မြောက်ရေးတပ် KIA က စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
KIA နဲ့ စစ်ကောင်စီတို့ နမ်ဆန်ယန်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ အောင်ဂျာရွာအထက်ပိုင်းမှာရှိတဲ့ စစ်တပ်စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
KIA ရှေ့တန်း သတင်းရင်းမြစ်တယောက်က “မနေ့က မနက် ၆ နာရီ ၁၄ မှာ စတင် တိုက်ခိုက်တာ မနက် ၈ နာရီ ၂၀ မိနစ်နဲ့ ၂၅ မိနစ်ကြားမှာ စခန်းသိမ်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီ တပ်စခန်းမှာ စစ်ကောင်စီ အင်အား ၂၀ နဲ့ ၃၀ လောက်ရှိပြီး စစ်ကောင်စီဘက်က ကျဆုံးသူရှိသလို ထွက်ပြေးတဲ့သူတွေလည်းရှိတယ်လို့ သူက ပြောပြပါတယ်။
အဲဒီ တပ်စခန်းဟာ ဗန်းမော် - နမ်ဆန်ယန် - လိုင်ဇာ လမ်းကြောင်းပေါ်မှာ ရှိပြီး လိုင်ဇာမြို့ အနီး နမ်ဆန်ယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို လက်နက် ပစ္စည်းနဲ့ ရိက္ခာထောက်ပို့ လုပ်ရာမှာ အဓိကကျတဲ့ စခန်းတခု ဖြစ်တယ်လို့လည်း ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
KIA ရှေ့တန်း သတင်းရင်းမြစ်က “စခန်းသိမ်းပြီးတော့ ကျနော်တို့ဘက်က လက်နက်ခဲယမ်း ပစ္စည်းကောက်သိမ်းပြီးချိန် မနက် ၉ နာရီ ၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံး ၃ ခါလာကြဲသွားတယ်” လို့ ပြောပါတယ်။
ဒေသခံတယောက်ကလည်း စက်တင်ဘာ ၁၆ ရက်နေ့ နမ်ဆန်ယန်အနီး အောင်ဂျာရွာဘက်က တိုက်ပွဲမှာ မနက်ပိုင်းကစလို့ ည ၁၁ နာရီ ဝန်းကျင်အထိ သိရသလောက် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၈ စင်းနဲ့ ၁၀ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ပြီးတော့ ခန်ကိုင် - ခလား (ခါ့လား) - ဘွမ်ရေ - ဖွန်းပျန်ဘွမ် - မုန်လိုင်ချောင်းတံတား - လဂျားယန် ခါ့ယာတောင် လမ်းကြောင်းဘက် ဗန်းမော်ဘက်က စစ်ကြောင်းထိုး အင်အား ထပ်ဖြည့်လာတာ ၁၅၂ ယောက်တိတိ ရှိတယ်လို့လည်း မျက်မြင် ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်ကလည်း စက်တင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်နခန့်ကစ မြစ်ကြီးနား - နမ်ဆန်ယန် - လိုင်ဇာ လမ်းကြောင်းဖြစ်တဲ့ ဒဘတ်၊ ကဇူး၊ ဂျာပူ၊ စမားလမ်းဆုံဘက် စစ်ကောင်စီ နဲ့ KIA တိုက်ပွဲပြင်းထန်လာနေတာကြောင့် လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်သံကြားနေရပြီး အိပ်လို့ တောင်မရဘူးလို့ ပြောပါတယ်။
မန္တလေးဘက်က ရေကြောင်းနဲ့ ဗန်းမော်ဘက်ကို လက်နက်၊ ရိက္ခာ သယ်လာတဲ့ စစ်သင်္ဘော ၆ စင်းလည်း မနေ့ညက ကသာကို ရောက်နေတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီး မဒီးယန်ကျေးရွာ၊ နမ်ဆန်ယန်ကျေးရွာနဲ့ အောင်ဂျာကျေးရွာတို့မှာ ဇူလိုင်လပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတာပါ။