မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်က ထိုင်းငွေနဲ့မြန်မာငွေ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းလောက်က သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ရွာလယ်ပိုင်းမှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် မမေရတနာဦးကို သိမ်ဆိပ် နယ်မြေရဲတွေနဲ့ စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားခဲ့တာပါ။
ဒါ့အပြင် ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် မချိုလွင်အေးကိုလည်း ကျိုက်ထိုရဲစခန်းက ရဲနဲ့စစ်တပ်က ထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။
ကျိုက်ထိုဒေသခံတယောက်က “မနေ့က ထိုင်းငွေလွှဲလုပ်သူတွေကို လိုက်ဖမ်းတယ်လို့ သိရတယ်။ တယောက်တော့ မိသွားတယ်။ လုပ်တဲ့သူတွေကတော့ အများကြီးပဲ။ မနေ့က ဖမ်းဆီးရေးသတင်းကြောင့် အများစု ဆက်မလုပ်ကြတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ငွေလွှဲလုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ၂ ယောက်ကို သက်ဆိုင်ရာ ရဲစခန်းမှာ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၁ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။
မွန်ပြည်နယ်ထဲက ငွေလဲလုပ်နေသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေတာကြောင့် တနိုင်တပိုင်ငွေလွှဲလုပ်ကိုင်သူ အများစုဟာ လုပ်ငန်း ရပ်နားထားတယ်လို့လည်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။