ထိုင်းနိုင်ငံကို တကျော့ပြန် သွားရောက် အလုပ်လုပ်ကိုင်မယ့် MOU U-turn အလုပ်သမားတွေအနေနဲ့ မိသားစုဆီ ဘတ် ၆၀၀၀ လွှဲပို့ထားတဲ့ အထောက်အထားပြနိုင်မှ သွားခွင့်ပေးမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
မြဝတီမြို့နဲ့ ကော့သောင်းမြို့တို့မှ MoU U-turn စခန်းတွေမှာ U-turn လုပ်ငန်းစဉ်နဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံဆီ ပြန်လည်စေလွှတ်ရာမှာ သြဂုတ် ၁ ရက်ကစပြီး အခြေခံ လစာ ၃ လစာ (ခန့်မှန်းဘတ် ၂၄၀၀၀) ရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် ၆၀၀၀ ကို မြန်မာနိုင်ငံရှိ မိသားစုဝင်တွေဆီဖြစ်စေ၊ မြန်မာနိုင်ငံရှိ အလုပ်သမားရဲ့ ဘဏ်စာရင်းဆီဖြစ်စေ တရားဝင် လွှဲပြောင်းပေးပို့တဲ့ အထောက်အထားပြနိုင်မှ စေလွှတ်ခွင့်ပေးမှာ ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အသိပေးထားတာပါ။
အဲဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးကို မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက ကြီးကြပ်ဆာင်ရွက်သွားဖို့ကိုလည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီက မိသားစုလွှဲပို့ငွေ အထောက်အထားတောင်းယူတာကြောင့် ငွေလွှဲမပို့နိုင်တဲ့ အလုပ်သမားတွေနဲ့ အဆင်ပြေရာနည်းနဲ့ ငွေလွှဲခဲ့သူတွေအတွက် ပြန်လည် ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ အခက်တွေ့ရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတချို့က ဆိုပါတယ်။
ပဲခူးတိုင်းမှ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်နေသူတဦးက “ဒီကအလုပ်သမားတွေက လူကြုံနဲ့ ငွေလွှဲတာရှိတယ်။ နီးစပ်ရာလူတွေနဲ့ ချိတ်ဆက်လွှဲတာရှိတယ်။ တချို့ဆို မိသားစုလိုက် ရောက်နေတော့ ပြန်လွှဲစရာမလိုဘူး။ အခုလို ကြပ်လိုက်တော့ အခက်တွေ့ကုန်တာပေါ့”လို့ ပြောပါတယ်။
အခုလို မိသားစုဆီ လွှဲပို့ငွေအထောက်အထားပြခိုင်းတဲ့ ဘတ် ၆၀၀၀မှာ ကျပ်ငွေတန်ဖိုး ကျပ် ကိုးသိန်းနီးပါး ဖြစ်လို့ စာရင်းပြနိုင်ဖို့ အခက်အခဲရှိတယ်လို့လည်း မြန်မာလုပ်သားတချို့က ဆိုပါတယ်။
နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီက ပြည်ပရောက်မြန်မာလုပ်သားတွေကို လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီ တရားဝင်ငွေလွှဲပို့ဖို့နဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်ပေးဆောင်ဖို့ ဖိအားပေးတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။
ပြည်ပကနေ မြန်မာနိုင်ငံကို ခဏပြန်လာတဲ့ အလုပ်သမားတွေကိုလည်း ပြန်လည်ထွက်ခွာမယ်ဆိုရင် အဲဒီမိသားစုဆီ လွှဲပို့ငွေအထောက်အထားနဲ့ အခွန်ဆောင်ထားတဲ့ စလစ်ပြသနိုင်မှ ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ထုတ်ပေးမယ် ဆိုပြီးတော့လည်း အကြပ်ကိုင်ထားပါတယ်။