တနင်္ဿာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက် တွေမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းမှာ ကျောက်နီမော်ရွာမှာ မြေပြိုကြောင့် နေအိမ် ၂ လုံးအတွင်း မြေသားတွေ ဝင်ရောက်ကာ ပျက်စီးခဲ့ပြီး စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာလည်း နေအိမ်နောက်တလုံး မြေသားတွေ ဝင်ရောက်မှုဖြစ်ခဲ့ပါတယ်။
ရှင်ကိုးရှင်သမိုင်းဝင် ရှင်မော်ဘုရားသွားလမ်းလည်း စက်တင်ဘာ ၁၅ ရက်က မြေပြိုကျကာ လမ်းပိတ်သွားခဲ့လို့ စက်တင်ဘာ ၁၆ ရက်မှာ ရှင်းလင်းပြီးဖြစ်တယ်လို့ သိရပါတယ်။
လောင်းလုံး ဒေသခံတစ်ဦးက "မိုးကြီးလို့ မြေတွေပြိုကျနေတာ၊ လူတွေသေတာ ထိခိုက်တာတော့ မကြားရပါဘူး။ အရေးပေါ်ကားတွေတော့ ဆင်းပြီး ကူညီပေးနေတာတွေရှိတယ်” လို့ ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ စက်တင်ဘာ ၁၄ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့ပါတယ်။
အခုနှစ် မိုးရာသီမှာ ထားဝယ်ခရိုင်အတွင်း မြေပြိုမှု နှစ်ကြိမ်နဲ့ လမ်းတံတားပြိုကျ မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး ရေကြီးရေလျှံမှုတွေ ၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။