မြန်မာလူမျိုးတွေမှာ ဘိုးဘွားအစဥ်အလာ ယုံကြည်မှုဆိုင်ရာ အမျိုးမျိုးသော ကိုးကွယ်မှုတွေ ရှိပါတယ်။ အဲ့ဒီကိုးကွယ်မှုတွေထဲမှာ လွဲမှားနေတဲ့ အယူတခုက မြွေတွေကို နဂါးမယ်တော်၊ ဘုရားအစောင့်မြွေဆိုပြီး ခုတုံးလုပ်ကာ ဘုရားနဲ့ ဘုန်းကြီးကျောင်းတွေမှာ မွေးထားပြီး အကျိုးစီးပွားရှာခံနေရတာတွေလည်း ရှိပါတယ်။
မြွေတွေကို အစာကျွေးရာမှာ ကြက်ဥနဲ့ နို့ အတင်းတိုက်ကျွေးခံရပြီး အဲ့ဒီအစာတွေဟာ မြွေတွေအတွက် အစားအစာမဟုတ်ဘဲ အန္တရာယ်ဖြစ်စေပါတယ်။ အစာကျွေးရာမှာလည်း တချို့ဂေါပက၊ ဘုရားအမှုဆောင်တွေက မြွေတွေ နို့နဲ့ ကြက်ဥတွေ မသောက်တဲ့အခါ ဆီထည့်တဲ့ ကန်တော့နဲ့ ပါးစပ်ထဲကို အတင်းအကျပ် တိုက်တဲ့အခါ မြွေတွေဟာ တခြား ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဲ့လို အတင်းအကျပ် တိုက်ကျွေးခံရလို့ မြွေအများစုဟာ အဝလွန်ရောဂါဖြစ်ကာ မလှုပ်ရှားနိုင်ဘဲ အစာကိုယ်တိုင်မကောက်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး မြွေတွေမှာ ဖြစ်ပွားလာနိုင်တဲ့ ရောဂါတမျိုးက ပါးစပ်ပူနာလို့ခေါ်တဲ့ ပါးစပ်ပုပ်နာ ဖြစ်ပေါ်လာတာပါ။
ဘုရားမှာမွေးထားတဲ့ တချို့မြွေတွေဟာ သဘာဝနဲ့ဆင်တူတဲ့ အခြေအနေမှာ မနေရဘဲ အဆင်ပြေသလို မွေးခံရလို့ စိတ်ဓာတ်ကျလာတာတွေ ဖြစ်လာပါတယ်။ စိတ်ဓာတ်ကျလာတဲ့အခါ မြွေတွေရဲ့ကိုယ်ခံအားကို ကျဆင်းလာစေပြီး ပါးစပ်ပူနာဖြစ်ကာ အစာကို စိတ်မဝင်စားဘဲ ဖြစ်တတ်ပါတယ်။
ပါးစပ်ပူနာဆိုတာက ပါးစပ်ထဲ ဘက်တီးရီးယား မဆမတန် ပေါက်ဖွားတာကနေ နာကျင်တာနဲ့ ရောင်ရမ်းတာတွေ ဖြစ်လာပါတယ်။ ပြီးတော့ ပါးစပ်တစ်ရှူးတွေ ပုပ်သွားတဲ့အထိ ဖြစ်လာလို့ ပါးစပ်ပုပ်နာ (သို့) ပါးစပ်ပူနာလို့ ခေါ်ခြင်းဖြစ်ပါတယ်။
ပါးစပ်ပုပ်နာဖြစ်မယ့်မြွေရဲ့ ပုံမှန်လက္ခဏာတွေက အစာကို စိတ်မဝင်စားဘဲ ပါးစပ်မှာ နီရဲတဲ့ အကွက်တွေ၊ ရောင်နေတဲ့အကွက်တွေ ဖြစ်လာမယ်။ ပါးစပ်က သွေးထွက်တာနဲ့ တံတွေးက သွေးပါတာတွေဖြစ်ပြီး ပါးစပ်ထဲမှာ ပုပ်တာတွေ တွေ့တတ်ပါတယ်။ ပုပ်တဲ့နေရာကနေ ပြည်ထွက်တာနဲ့ အနာရည်ထွက်တာတွေ ဖြစ်တတ်ပါတယ်။
ပါးစပ်ပူနာရောဂါကို ဘယ်လိုကုသရမလဲဆိုတော့ တိမွေးကုဆေးခန်းမှာပဲ ပုပ်တဲ့နေရာတွေနဲ့ ပြည်တွေကို ဖယ်ရှားပြီး အနာပျောက်ဆေးတို့ ပိုးသတ်ဆေးတွေကို လိုသလို ပေးပါတယ်။ ပါးစပ်မှာထက် တခြားနေရာတွေထိပြန့်ရင် ကုရခက်ပြီး သေဆုံးနိုင်တဲ့အထိ ဖြစ်စေပါတယ်။ ကုသဖို့ထက် သူတို့နေတဲ့ သဘာဝအတိုင်း အစားအစာ၊ အလင်းရောင်တွေ ပေးနိုင်မှ မွေးတာ အကောင်းဆုံးပါလို့ မြွေသုတေသနပညာရှင်တဦးက ပြောကြားထားပါတယ်။
အစာကိုစိတ်မဝင်စားလို့ အစာမစားဘူးအထင်နဲ့ အတင်း အစာကျွေးခံနေရပါတယ်။ မြွေရဲ့သဘာဝအရ အစာတခါစားပြီးရင် လနဲ့ချီပြီး အကြာကြီးနေနိုင်တာကို မြွေသုတေသနပညာရှင်က ဆက်လက်ပြောပါတယ်။
မြွေချစ်သူအချို့နဲ့ မြွေအကြောင်း လေ့လာသူတချို့တို့ဟာ မြွေမွေးထားတဲ့ဘုရား၊ ဘုန်းကြီးကျောင်း တအချို့က မြွေတွေကို ပြန်အလှူခံကြပြီး သဘာဝကြီးထဲမှာ ပြန်လည်ရှင်သန်ဖို့အတွက် လေ့ကျင့်ပေးတာတွေလည်း ရှိပါတယ်။
ပြန်အလှူခံပြီး ရလာတဲ့ မြွေထဲမှာမှ နွားနို့အလွန်အကြူး တိုက်ခံထားရတဲ့ မြွေတွေကို ကျန်းမာရေး ကောင်းမကောင်းနဲ့ သဘာဝထဲ ပြန်လည်ရှင်သန်ဖို့ အချိန်ဘယ်လောက်ယူရမလဲ ဆိုတာ ဆန်းစစ်ရပါတယ်။
နွားနို့တွေတိုက်ခံရပြီး ပရိုတင်းတွေ မချေဖျက်ထားဘဲ အရမ်းဝတုတ်နေရင် ဆီးပြန်စစ်ခြင်း၊ သွေးစစ်ခြင်းနဲ့ အာထရာဆောင်းရိုက်ခြင်း စတဲ့ စစ်ဆေးမှု အဆင့်ဆင့်တွေ လုပ်ရပါတယ်။ မစင်စွန့်လာနိုင်တာနဲ့ စမြင်းလုံးခံနေတာတွေ ရှိမရှိကိုလည်း စစ်ဆေးရပါတယ်။
ပြီးရင် သူတို့အရိုးတွေ ပုံမှန်ရှိရဲ့လား ဆိုပြီးတော့လည်း ဓာတ်မှန်ရိုက်ရပါတယ်။ အဲ့လို စစ်ဆေးချက်တွေ ပြုလုပ်ပြီးတဲ့အခါ မြွေတွေက သဘာဝအတိုင်း သားရိုင်းဖြစ်တဲ့အတွက် ပြန်အစာကောက်နိုင်အောင် လေ့ကျင့်ပေးပါတယ်။
အစာကောက်တဲ့နေရာမှာ နွားနို့တိုက်ခံရတဲ့မြွေတွေရဲ့ အစာအိမ်ဟာ အရမ်းနူးညံ့သွားပါတယ်။ အမွေးပါတဲ့အကောင် စားဖို့အတွက်ဆိုရင်တောင် အမွေးက သူတို့အတွက် အရိုးစူးနေသလို ဖြစ်တတ်ပါတယ်။
အမွေးနုရှိတဲ့ ကြွက်ပေါက်လေးတွေနဲ့ ဝက်ပေါက်လေးတွေနဲ့ ပြန်လေ့ကျင့်ပေးရတယ် ဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ကုန်ကျစရိတ်များတဲ့ ဝက်ပေါက်လေးတွေကျွေးတာ မလုပ်နိုင်သေးပါဘူး။ လမ်းညွှန်ချက်အရ အဲ့လိုလုပ်ရမှာ ဖြစ်ပါတယ်။
တဖြည်းဖြည်းနဲ့ အသား၊ အရိုး၊ အကောင်အရှင် ပေးကောက်စေတယ်။ သူ့ဝိတ်ကို ပြန်ချပေးရပြီး အဆီပိတ်နေတဲ့ ခန္ဓာကိုယ်အတိုင်း တောထဲပြန်လွှတ်လိုက်မယ်ဆိုရင် သူတို့ဝိတ် သူတို့ မထိန်းနိုင်ဘဲ သူကပဲ ပြန်စားခံရပြီး သေဖို့ရှိတယ်လို့ မြွေတွေကို ကျန်းမာရေး စစ်ဆေးလေ့ကျင့်ပေးသူက ပြောပါတယ်။
အလှူခံတဲ့နေရာမှာလည်း ကိုးကွယ်မှုဆိုင်ရာ စောင့်ရှောက်ရမယ့်မယ်တော်၊ သိုက်ဆွေ၊ သိုက်မျိုးလို့ ယူဆတဲ့အတွက် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ရှိပါတယ်။ တချို့ဂေါပကတွေက တကယ်ကို မြွေနဲ့ပတ်သက်တာ မသိတဲ့အတွက် ရှင်းပြပေးတဲ့အခါ လက်ခံပြီး မြွေတွေကို ကောင်းကောင်းလေး ထားစေပါတယ်။
မြွေကျန်းမာရေး စစ်ဆေးလေ့ကျင့်ပေးသူက “မြွေတွေက လေ့ကျင့်တာကို လိုက်လုပ်နိုင်ပါတယ်။ အထူးလေ့ကျင့်ပေးရတာ မဟုတ်ဘဲ သားရိုင်းသဘာဝကို ပြုပြင်ပေးရတာနဲ့ သူနေမယ့်နေရာကို သူတို့ရဲ့သဘာဝနဲ့ ကိုက်ညီအောင် ထားပေးရတယ်။ လူတွေ ခဏခဏသွားကိုင်ပြီး ယဥ်အောင်လုပ်တာမျိုး လုံးဝမလုပ်သင့်ဘူး” လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ မြွေမျိုးစိတ်ပေါင်း ၂၀၀ ကျော်ရှိတဲ့အထဲမှာ ဘုရားမြွေအဖြစ် ပုံပြောင်းခံရတဲ့ မြွေတွေဟာ စပါးကြီးမြွေနဲ့ စပါးအုံးမြွေတွေသာ ဖြစ်ပါတယ်။ မြွေရဲ့အစာက ငါး၊ ဖား၊ ပိုးကောင်များ၊ မြေကြွက်နဲ့ နို့တိုက်သတ္တဝါငယ်တွေ ဖြစ်ပါတယ်။ စပါးကြီးမြွေနဲ့ စပါးအုံးမြွေကတော့ အစာဖြစ်တဲ့သားကောင်ကို ရစ်ပတ်ချေပြီးမှ မျိုလေ့ရှိပါတယ်။
မိတ္ထီလာကသွားယူခဲ့တဲ့ တရွာလုံးက မယ်တော်ဆိုပြီး ကိုးကွယ်နေတဲ့မြွေက အထီးဖြစ်နေတာကလည်း မြွေရဲ့လက္ခဏာကို မသိဘဲ ဖြစ်တဲ့အလွဲတခု ဖြစ်ပါတယ်။ နောက်ထပ် လူမှုကွန်ရက်မှာ အငြင်းပွားနေတဲ့ ကိစ္စတခုက မြွေတွေကို ထားထားတဲ့ သဘာဝနဲ့ မကိုက်ညီ၊ အစာကျွေးပုံ နည်းစနစ်လည်း မမှန်တဲ့အပြင် တိရစ္ဆာန်ရုံပြစားထားတဲ့ ဘုန်းကြီးကျောင်းလည်း ရှိပါတယ်။
တချို့ဘုန်းကြီးကျောင်းတွေမှာလည်း မြွေအမျိုးအစား သေချာမသိဘဲ အဆိပ်ရှိတဲ့ မြွေပွေးတွေကို မှားယွင်းစွာ မွေးမြူတာတွေ ရှိပါတယ်။ မြွေပွေးမှန်းမသိဘဲ နွားနို့၊ ကြက်ဥ တိုက်တာတွေနဲ့ မြွေတွေကို ပိုက်ဆံနဲ့ပုတ်ပြီး လာဘ်ခေါ်တဲ့ အယူဓလေ့တွေကြောင့် လူတွေအတွက်လည်း အန္တရာယ်အရမ်းများပါတယ်လို့ မြွေအကြောင်း သုတေသန ပြုလုပ်သူတွေထံက သိရပါတယ်။
ဘုရားမြွေဖြစ်လာတဲ့ မြွေများဟာ ဘယ်မြွေကမှ ဘုရားမှာနေမယ်ဆိုပြီး သူ့သဘောနဲ့သူ ရောက်လာတာ မရှိပါဘူး။ သက်သေမပြနိုင်တဲ့ အိပ်မက်ဆိုတာတွေကြောင့်သာ ချုပ်နှောင်ခံရပြီး သိုက်ဆက်၊ နဂါးဆက်တွေကြောင့် ချုပ်နှောင်ခံရတဲ့ ဝဋ်ကောင်လေးများသာ ဖြစ်ပါတယ်။
ရွှေအိမ်စည်