လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ရေလွှမ်းမိုးမှုကို ဖြစ်စေခဲ့တဲ့ ဒါရ်နာမြို့မှ ဆည် ၂ ခု ကျိုးပျက်ခဲ့ပြီးနောက်မှာ ပေါ့ဆမှုအတွက် စုံစမ်းစစ်ဆေးရေးကို လုပ်ဆောင် နေကြောင်း အစိုးရရှေ့နေ အလ် ဆစ်ဒစ်ခ် အလ်ဆိုးရ် က စက်တင်ဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အခုလက်ရှိမှာ ဆည်တွေ ပြုပြင်ထိန်းသိမ်းရေး အားနည်းမှုတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကို ဖော်ထုတ်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် အစိုးရ အဆက်ဆက် ကနေ ဖြစ်နိုင်ချေရှိတဲ့ လျစ်လျူရှုမှု၊ ပေါ့ဆမှုတွေကို စစ်ဆေးနေတယ်လို့ အစိုးရရှေ့နေက မီဒီယာကို ပြောပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုထဲမှာ ဆည် ၂ ခုကို ထိန်းသိမ်းရေးနဲ့ ရေကြီးမှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ချပေးထားတဲ့ ပြုပြင်ထိန်းသိမ်းမှုရန်ပုံငွေတွေ ပါဝင်နေတယ်လို့ ရှေ့နေ အလ် ဆစ်ဒစ်ခ် အလ်ဆိုးရ် က ပြောပါတယ်။
သေဆုံးသူတွေကို ရှာဖွေစစ်ဆေးပြီးတော့ ဖော်ထုတ်ဖို့နဲ့ သေဆုံးရတဲ့ အကြောင်းရင်း၊ သေဆုံးသူ တွေရဲ့ အခွင့်အရေးကို ထိန်းသိမ်းဖို့နဲ့ အာဏာပိုင်တွေရဲ့ ပေါ့ဆမှု ဖြစ်နိုင်ခြေနဲ့ စပ်လျဉ်းတဲ့ တာဝန်တွေကို ဖော်ထုတ်ဖို့တွေကလည်း အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှု ပြီးသွားရင် ပြစ်မှုကျူးလွန်သူတွေကို သက်သေအထောက်အထားတွေနဲ့ ဖော်ထုတ်ပြီး အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာပါလို့ သူက ပြောပါတယ်။ တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညပိုင်းက အားပြင်းတဲ့ မုန်တိုင်းကြောင့် သည်းသည်းမည်းမည်း ရွာချခဲ့တဲ့ မိုးကြောင့် ဆည်တွေ ကျိုးပေါက်ခဲ့ပြီး အရှေ့ဘက် ဒါရ်နာမြို့ကို ပိုင်းဖြတ်ထားတဲ့ မြစ်ရေက ဒလဟော ပြိုကျစီးဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
တာဝန်ရှိသူတွေက အတည်ပြုပေးတဲ့ သေဆုံးသူအရေအတွက်မှာ မတူညီကြပဲ အားလုံးဟာ ထောင်နဲ့ချီတဲ့ အရေအတွက်တွေဖြစ်ကြပြီး ပျောက်ဆုံးသူများ စာရင်းထဲမှာလည်း နောက်ထပ် ထောင်ပေါင်းများစွာ ရှိနေတာဖြစ်ပါတယ်။
Source/Photo-Reuters