ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာ ဆုတောင်းတောင်ပေါ်မှာရှိတဲ့ လက်ဝါးကပ်တိုင် ဂုဏ်ပြုချီးမြှောက်ပွဲကို စက်တင်ဘာ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့က ပြုလုပ်ကျင်းပ ခဲ့ပါတယ်။
အကြိမ် ၄၀ မြောက် ပြုလုပ်တဲ့ အာလမ် ဆုတောင်းတောင်ပေါ်က လက်ဝါးကပ်တိုင် ဂုဏ်ပြုချီးမြှောက်ပွဲကို ကက်သလစ် ဘာသာဝင်တွေသာမက အခြား ဘာသာဝင်တွေလည်း လာရောက်ပါဝင်ခဲ့ပါတယ်။
“ဒီနှစ်က အကြိမ် ၄၀ မြောက် ကျင်းပတာပါ။ ပြီးခဲ့တဲ့နှစ်တွေက ကိုဗစ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့ဘဲ ၂၀၂၂ ခုနှစ်မှ ပြန်ကျင်းပနိုင်ခဲ့တယ်။ ကက်သလစ် ဘာသာဝင်တွေ အပါအဝင် အခြားဘာသာဝင်တွေလည်း ဆုတောင်းပွဲကို လာရောက် ပါဝင်ဆင်နွှဲတာ ရှိတယ်” လို့ ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တယောက်က ပြောပါတယ်။
အာလမ်ကျေးရွာက ဆုတောင်းတောင်ဟာ တောင်ခြေကနေ တောင်ပေါ်အထိ ခြေလျင် ၃ နာရီလောက် တက်ရပြီး မြစ်ဆုံသွားတဲ့လမ်းပေါ်က အာလမ်ရွာမှာရှိတာဖြစ်ပါတယ်။
ကလေးဖခင်တယောက်က “ကျနော်တို့က ဝိုင်းမော်ကနေလာတာ။ ကလေးက ၃ လ ပဲရှိသေးတယ်။ ဒီနှစ်မှာ ကလေး အတွက်လည်း ဆုတောင်းပေးချင်လို့ ကလေးနဲ့ အတူလာတာပါ။ ဆုတောင်းပြည့်တယ်လို့ ယုံကြည်တဲ့အတွက် လရောက်တာပါ” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ကနေ ၁၅ မိုင်ဝေးတဲ့ အာလမ်ဆုတောင်းတောင် ဆုတောင်းပွဲကို ၁၉၈၃ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တုန်းက ကိုဗစ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် ပိတ်ပင်ထားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၃၉ ကြိမ်မြောက် ပြန်လည်ကျင်းပခဲ့တာ ဖြစ်ပါတယ်။