အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ကားနဲ့ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့က တမူးမြို့၊ မီးသတ်ပွိုင့်အနီး ချင်းဈေးတန်းပေါက်က လမ်းအကွေ့မှာ ဒေသအခေါ်ဖောကားနဲ့ မိုးရေးဆိုင်ကယ် စီးလာတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။
ယာဉ်တိုက်မှုအနီးမှာရှိခဲ့သူ တမူးဒေသခံတယောက်က “ဆိုင်ကယ်မောင်းသူကတော့ ဦးခေါင်းပွင့်ပြီး ပွဲချင်းပြီးဆုံးသွားတယ်။ သူတို့က အရှိန်များပြီး လမ်းကွေ့မှာ ထိပ်တိုက် တိုက်သွားတဲ့သဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ သေဆုံးသွားသူရဲ့ရုပ်အလောင်းကို နိဗ္ဗာန်လမ်း ပရဟိတအသင်းက လာရောက်သယ်ဆောင်သွားပြီး တမူးမြို့မဆေးရုံကို ပို့ဆောင်ကာ ချက်ချင်း သင်္ဂြိုလ်လိုက်တယ်လို့ ပရဟိတအသင်းတာဝန်ရှိသူက ပြောပါတယ်။
"အလောင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ ဆေးရုံမှာ စစ်ဆေးပြီး တမူးမြို့က သုသာန်ကိုပို့ဆောင်ကာ ချက်ချင်းသင်္ဂြိုလ်လိုက်တာပါ" လို့ ပြောပါတယ်။
အဲ့ဒီယာဉ်တိုက်မှုဖြစ်စဉ်ကို တမူးမြို့မရဲစခန်းက ရဲတွေက လာရောက်စစ်ဆေးပြီး ကားကိုသိမ်းဆည်းကာ ကားမောင်းသူရော ဖမ်းဆီးပြီး ရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ကလည်း တမူးမြို့ပြင် BOC ရှေ့မှာ ဆိုင်ကယ်နဲ့ကား တိုက်မှုဖြစ်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ပွဲချင်းပြီးသေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ-မင်းထင်ကျော်