Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ပြည်ထောင်စုဆေးပင် ဂျာမဏီပင်
DVB
·
September 16, 2023
Germany_16092023

နွေဦးတော်လှန်ရေးခရီး အစမှာကတည်းကပင် အကြမ်းဖက်စစ်အာဏာရှင်တို့ဟာ ကျန်းမာရေးဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန် သူနာပြုတွေ၊ ဆေးဘက်ဆိုင်ရာ ပညာသည်တွေ၊ ဆေးပညာရှင်လောင်းလျာတွေအပါအဝင် ဆေးဘက်ဝန်ထမ်းမျိုးစုံကို သတ်ဖြတ်ဖမ်းဆီး နှိပ်စက် ထောင်ချပြီး ဆေးလောကရပ်ဝန်း တခုလုံးကို နည်းမျိုးစုံနဲ့ ရက်စက်ကြမ်းကြုတ်စွာ ပက်ပက်စက်စက် ဖျက်ဆီးလိုက်ကြတာ အားလုံး ဒိဌမျက်မြင်ဖြစ်ပါတယ်။

ဘယ်လိုအနေအထားရောက်နေသည်ဖြစ်စေ တော်လှန်ဆေးလောကသားတို့ဟာ တော်လှန်ပြည်သူနဲ့အတူ အကောင်းအဆိုး လောကဓံကို မျှဝေလက်တွဲ ခံစားရင်း ခေတ်ပြောင်း စနစ်ပြောင်းအတွက် အေးအတူပူအမျှ နောက်မဆုတ်မတမ်း ဒီနွေဦးမှာ လက်တွဲ ချီတက်ခဲ့ကြတာလည်း အားလုံးအသိပင်။

ခေတ်ဆိုး စနစ်ဆိုးအောက် စစ်မိစ္ဆာအာဏာရှင် ပယောဂကြောင့် ပျက်စီးခဲ့ပြီးဖြစ်တဲ့ ကျန်းမာရေးစနစ်ကြီးတခုလုံး ယိုယွင်းလစ်ဟာမှုကို အစားထိုးကုစား ဖာထေးနိုင်ဖို့ လက်လှမ်းမီဆေးပညာသည်လည်း တာဝန်တရပ်အနေနဲ့ တထောင့်တနေရာက ထမ်းဆောင်လာခဲ့ပါတယ်။

ဒါ့ကြောင့် ဒီတပတ်မှာ လက်လှမ်းမီဆေးပညာအနေနဲ့ တော်လှန်ပြည်သူတွေနဲ့ အနီးစပ်ဆုံး လက်လှမ်းတမီမှာရှိတဲ့ ဆေးဘက်ဝင် သဘာဝပေါက်ပင်တမျိုးဖြစ်တဲ့ ဂျာမဏီပင်(ပိစပ်ပင်) အကြောင်းကို မျှဝေတင်ပြမှာ ဖြစ်ပါတယ်။

ဂျာမဏီပင်ရဲ့ အားသာချက်က ကျနော်တို့မြန်မာနိုင်ငံရဲ့ ဘယ်နေရာမဆို အလွယ်တကူ အလေ့ကျပေါက်ရောက်တဲ့ သဘာဝဆေးဘက်ဝင်အပင် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျာမဏီပင်ကို ပြည်ထောင်စုဆေးပင်လို့ အမည်ပေးချင်ပါတယ်။

တိုင်းရင်းသားပြည်သူတွေနဲ့ အနီးစပ်ဆုံးလည်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာ စွမ်းရည်တွေလည်း အများအပြားပါဝင်ပြီး လက်တွေ့ စွမ်းဆောင်ရည်တွေကလည်း ထိရောက်မှုရှိတဲ့အတွက် လက်လှမ်းမီဆေးပညာမှ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂျာမဏီပင်ကို ခေတ်သိပ္ပံလို Chromolaena odorata (L.), ခေါ်ပြီး အင်္ဂလိပ်လို : Siam Weed, bitter bush, Christmas bush, Chromolaena, archangel. camphor grass, common floss flower, communist green. စသဖြင့် ခေါ်ပါတယ်။

ဂျာမဏီရွက်မှာ Phenol (ဖီနော)၊ Alkaloids (အယ်လ်ကာလွိုက်များ)၊ Triterpenoid (တြီပင်န်နွိုက်)၊ Tannin (တန်နင်)၊ Flavonoid (ဖလေဗွန်နွိုက်)၊ Limonen (လီမွန်နင်)  အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ကင်ဆာရောဂါ၊ ဆီးချိုရောဂါကို တိုက်ဖျက်နိုင်ခြင်း၊ အသည်းအဆိပ်အတောက် ဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။

ဂျာမဏီပင်ရဲ့ ဆေးဘက်ဆိုင်ရာ လက်တွေ့သုံးစွဲပုံများကို ဆက်လက်တင်ပြပါမယ်။

  • ဂျာမဏီရွက်သတ္တုရည် (ကြိတ်ညှစ်ရည်) ကို မီးလောင်နာ၊ ထိခိုက်ဒဏ်ရာတွေ၊ ပေါက်ပြဲအနာတွေ၊ အရေပြားအနာမှာ လိမ်းကျံပေးခြင်းဖြင့် အနာတွေကို အကျက်မြန်စေပါတယ်။ ပွေး၊ ဝဲ၊ နှင်းခူ စတဲ့ အရေပြား ယားနာများမှာလည်း ဂျာမဏီရွက် သတ္တုရည်ကို လိမ်းကျံ ကုသနိုင်ပါတယ်။
  • ဝမ်း‌ဖော ဝမ်းရောင် ဝမ်းပျက် ဝမ်းလျှောခြင်းတွေအတွက် ဂျာမဏီရွက် လတ်လတ်ဆတ်ဆတ်ကို အရည်ညှစ်ပြီး ဟင်းစားဇွန်း ၁ ဇွန်းကို ရေနွေးနဲ့ဖြစ်စေ၊ ဂျာမဏီရွက် လက်တဆုပ်ကို ရေ ၁ လီတာခန့်နဲ့ တဝက်ကျန်အောင်ပြုပ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ဖြစ်စေ ရောဂါဖြစ်စဉ် အခြေအနေကို ချင့်ချိန်ပြီး တနေ့ကို ၂ ကြိမ်မှ ၄ ကြိမ်အထိ သောက်ပေးပါ။
  • ချောင်းဆိုးခြင်း၊ ချွဲကြပ်ခြင်း၊ လည်‌ချောင်းယားခြင်း၊ ပန်းနာရင်ကြပ်ခြင်း တို့ကို ဂျာမဏီရွက် လတ်လတ်ဆတ်ဆတ် သတ္တုရည် (ကြိတ်ညှစ်ရည်) ကော်ဖီဇွန်း ၂ ဇွန်းထဲကို ဆားအနည်းငယ်ထည့်ပြီး ရေနွေးပူပူနဲ့ တနေ့ကို ၂ ကြိမ်မှ ၄ ကြိမ်အထိ သောက်ပေးပါ။
  • သွေးတိုးရောဂါအတွက် ဂျာမဏီရွက် သတ္တုရည် သို့မဟုတ် ဂျာမဏီရွက် ရေနွေးကြမ်းကို တနေ့ ၂ ကြိမ်ခန့် နေ့စဉ်သောက်ပေးခြင်းဖြင့် သွေးတွင်းအဆီ (ကိုလက်စထရော) ပမာဏကို လျှော့ချပေးပြီး၊ သွေးပေါင်ချိန်ကို ကျစေပါတယ်။ သွေးတိုးရောဂါရှိသူများ အတွက် အထူးသင့်လျော်တဲ့ သဘာဝ လက်လှမ်းမီဆေးတလက် ဖြစ်ပါတယ်။
  • ပင်လယ်စာနဲ့ ဓာတ်မတည့်သူများ ပင်လယ်စာ စားသုံးတဲ့အခါမှာ ဂျာမဏီရွက် သတ္တုရည်ကို သောက်သုံးခြင်းဖြင့် ဓာတ်မတည့်ခြင်းကို ထိန်းသိမ်းနိုင်ပါတယ်။
  • အစာမကြေခြင်းနဲ့ အစာချက်အားနည်းသူများ ဂျာမဏီရွက် ၄-၅ ရွက်ခန့် တို့မြှုပ်စားပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
  • ယူရစ်အက်ဆစ်များတဲ့ ရောဂါအတွက် ဂျာမဏီရွက် ၅ ရွက်မှ ၁၀ ရွက်ခန့် နေ့စဉ် စားပေးမယ်ဆိုရင် ယူရစ်အက်ဆစ်ကို လျော့ကျစေပါတယ်။
  • အဆစ်ရောင် လေးဘက်နာဝေဒနာရှင်တွေအတွက်လည်း ဂျာမဏီရွက် သတ္တုရည်၊ ဂျာမဏီရွက် ရေနွေးကြမ်းကို တနေ့ ၂ ကြိမ်ခန့် သောက်ပေးခြင်းဟာ ထိရောက်တဲ့ သက်သာမှုကို ရစေပါတယ်။
  • ဆီးချို‌ဝေဒနာရှင်များအတွက် သွေးတွင်း သကြားဓာတ် အနိမ့်အမြင့်ကို မူတည်ပြီး ဂျာမဏီရွက် သတ္တုရည်ကို တခါသောက် ကော်ဖီဇွန်း ၂ ဇွန်း၊ တနေ့ ၂-၄ ကြိမ်အထိ ချင့်ချိန်သောက်သုံးပြီး ဆီးချိုရောဂါကို အန္တရာယ်မဖြစ်အောင် ထိန်းသိမ်းနိုင်ပါတယ်။
  • နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးဖို့အတွက် ဂျာမဏီရွက် စားသုံးပေးခြင်း၊ ဂျာမဏီရွက် ရေနွေးကြမ်းကို တနေ့ ၂ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။ ဒီလို သောက်သုံးပေးခြင်းဟာ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးအဆီဖုံးရောဂါတွေကို ကြိုတင်တားဆီးနိုင်ပါတယ်။ လူတိုင်း နှလုံးကျန်းမာရေး အမြဲကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။
  • အမျိုးသမီးများ ကျန်းမာရေးနဲ့ပတ်သက်လို့ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းတွေအတွက် ဂျာမဏီရွက် ရေနွေးကြမ်းကို ရာသီမပေါ်မီ တပတ်ခန့်မှစပြီး ရာသီလာပြီးတဲ့ ကာလအထိ တနေ့ ၂ ကြိမ်ခန့် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။
  • ဂျာမဏီရွက်ရေနွေးကြမ်း ပုံမှန်သောက်ပေးမယ်ဆိုရင် အမျိုးသမီးများ သားအိမ်အရည်ကြည်အိတ် ရောဂါကို သက်သာစေနိုင်တဲ့အပြင် သားအိမ်အရည်ကြည်အိတ် ရောဂါကို ကြိုတင်ကာကွယ် တားဆီးနိုင်ပါတယ်။
  • အဆုတ်အအေးမိ၊ အဆုတ်ရောင်၊ အဆုတ်ပွရောဂါများအတွက် ဂျာမဏီရွက် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းဖြစ်စေ၊ ဂျာမဏီရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ဖြစ်စေ၊ ဂျာမဏီရွက် အခြောက်မှုန့် ကော်ဖီ ၂ ဇွန်းကို ရေနွေးနဲ့ဖြစ်စေ တနေ့ ၃ ကြိမ် သောက်ပေးပါ။
  • ဂျာမဏီရွက်မှာ ပိုးသတ်ဆေးအာနိသင် ရှိတဲ့အတွက် တီဘီ (TB) ရောဂါရှိသူတွေလည်း အထက်မှာ ဖော်ပြထားတဲ့အတိုင်း သောက်သုံးနိုင်ပါတယ်။
  • ဂျာမဏီရွက်မှာ ကိုယ်ပူကျစေတဲ့အာနိသင် ရှိတဲ့အတွက် ငှက်ဖျားနဲ့ အဖျား‌ရောဂါ အမျိုးမျိုးမှာလည်း သုံးစွဲနိုင်ပါတယ်။ ဂျာမဏီရွက်ပြုတ်ရည်ပူပူမှာ ဂျင်းမှုန့်အနည်းငယ် ခတ်ပြီး တခါသောက် ရေနွေးကြမ်းခွက်တဝက်စာ သောက်ပေးမယ်ဆိုရင် ကိုယ်ပူကျစေပါတယ်။ တနေ့ကို ၂ ကြိမ်မှ ၃ ကြိမ်အထိ သောက်သုံးနိုင်ပါတယ်။
  • ဂျာမဏီရွက်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ ပါဝင်တာကြောင့် ပုံမှန်သောက်သုံးသူများ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဖော်ပြထားတဲ့ ဆေးပမာဏများဟာ လူကြီးသောက် ပမာဏဖြစ်ပြီး ၁၂ နှစ်အထက် ကလေးများ လူကြီးသောက်ပမာဏရဲ့ တဝက်ဖြစ်ပြီး ၁၂ နှစ်အောက်ကလေးများ လူကြီးသောက်ပမာဏရဲ့  ၄ ပုံ ၁ ပုံသာ သောက်သုံးရမှာ ဖြစ်ပါတယ်။

၁ နှစ်အောက်ကလေးများ ဂျာမဏီရွက်ဆေးကို မသောက်ရပါ။

အထူးသတိပြုရန် အနေနဲ့

ဂျာမဏီအပင်ငယ်တွေဟာ နိုက်ထရိတ်ပါဝင်မှု မြင့်မားတဲ့ အပင်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးရှိတဲ့ အပင်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် “တန်ဆေး လွန်ဘေး” ဖြစ်တဲ့အတွက် လွန်ကဲစွာ မှီဝဲသုံးဆောင်ခြင်းကို ရှောင်ပါ။ ကျောက်ကပ်‌ရောဂါ အခံရှိသူတွေလည်း မသောက်သုံးသင့်ပါ။ ဂျာမဏီပင်ကို သင့်တင့်မျှတစွာ သုံးဆောင်ခြင်းဖြင့် ထိုက်တန်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို ရရှိစေပါတယ်။

ဖော်ပြခဲ့သလိုပဲ ဂျာမဏီ ခေါ် ပိစပ်ပင်ဟာ တောင်တန်းပြည်မ မြေပြန့်နဲ့ ကမ်းရိုးတန်းဒေသပါ မကျန် သဘာဝအလျောက် အလေ့ကျပေါက်ရောက်ပြီး အစွမ်းထက်ဆေးပင်တပင် ဖြစ်တာကြောင့် ပြည်ထောင်စုဆေးပင်အဖြစ် မှတ်တမ်းတင် ဖော်ပြလိုက်ပါတယ်။

ကျန်းမာမှ တော်လှန်နိုင်မည်၊ ကျန်းမာမှ အောင်ပွဲခံနိုင်မည်၊ ကျန်းမာမှ အနာဂတ်ကို တည်ဆောက်နိုင်မည်။ ဒါ့ကြောင့် ကျန်းမာကြံ့ခိုင်အောင် တည်ဆောက်ပြီး တော်လှန်ရေးခရီးကို ချီတက်ကြရဦးမည်။

တော်လှန်ခရီးက တဝက်ကျော်ကျော်ပေါက် ပန်းတိုင်လည်း လှမ်းကိုင်ခါနီးနေပြီမို့  အားတင်းရင်း ရှေ့ဆက် မကြာခင် ပန်းဝင်မှာ အတူတူအပန်းဖြေရင်း ငြိမ်းချမ်းရေးတေး  သံပြိုင်သီဆို ဖက်ဒရယ်အက လက်ယှက်ထိုး ကကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024