စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ စက်တင်ဘာ ၁၅ ရက်နေ့ ညဦးပိုင်းအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ဘုန်းတော်ကြီး ၁ ပါးနဲ့ အရပ်သား ၁ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲလည်းမရှိဘဲ လေယာဉ်နဲ့ ဗုံးလာကြဲတာ။ ဘုန်းကြီးကျောင်းဆိုတော့ ဘုန်းကြီးနဲ့ အရပ်သားတွေ ထိခိုက်မှုရှိနိုင်တယ်။ နေအိမ်တချို့နဲ့ ဆိုင်ကယ်တွေလည်း ထိခိုက်ပျက်စီးတယ်။ အခြေအနေ အတိအကျတော့ မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော် ၈၀ လောက်ရှိတဲ့ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး ကပ္ပိယ ၁ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပေမယ့် ဆက်သွယ်ရေး အခက်အခဲကြောင့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ညဘက် ၈ နာရီလောက်အချိန်မှာ အင်းတော်ဘက်ကို တိုက်လေယာဉ်တစင်းတက်သွားတယ်လို့တော့ တခြားသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် အင်းတော်မြို့၊ စစ်တပ်ကုန်းကနေ ခရမ်းစပ်ကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ထပ်မံ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။