ပြီးခဲ့တဲ့လက လန်ဒန်အနောက်တောင်ပိုင်းရှိ နေအိမ်မှာ သေဆုံးသွားခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ဆာရာရှာရစ်ဖှ်ရဲ့ အမှုနဲ့ပတ်သက်ပြီး သူ့အဖေ အပါအဝင် လူ ၃ ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
လန်ဒန်အနောက်တောင်ပိုင်းရှိ ဝုတ်ကင်းမြို့ရှိ နေအိမ်မှာ သြဂုတ် ၁၀ ရက် က ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့ ၁၀ နှစ်သမီးလေး ဆာရာရှာရစ်ဖှ်ကို တွေ့ရှိခဲ့တာပါ။
အသက် ၄၁ နှစ်ရှိ ကလေးအဖေ အူရ်ဖှန်ရှာရစ်ဖှ်၊ သူ့အဖော် အသက် ၂၉ နှစ်ရှိ ဘိုင်နက်ရှ် ဘာတူလ်နဲ့ ကလေးရဲ့ ဦးလေးတော်စပ်သူ အသက် ၂၈ နှစ်ရှိ ဖှိုင်ဆလ်မာလိခ်တို့ဟာ အဲဒီနေ့ မတိုင်ခင်မှာ ပါကစ္စတန်ကို ခရီးထွက်သွားခဲ့ပါတယ်။
သူတို့ဟာ ဒူဘိုင်းမှ လေယာဉ်ပေါ်ကနေ ဆင်းသက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၃ ရက်မှာ ဗြိတိန်ကို ပြန်ရောက်ရှိလာခဲ့တာမှာ လန်ဒန်မြို့ ဂတ်ဝစ်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
သူတို့ ၃ ဦးလုံးဟာ လူသတ်မှုအပြင် ကလေးတဦးကို သေဆုံးစေတာ ဒါမှမဟုတ် သေဆုံးအောင် ခွင့်ပြုတာတို့နဲ့ တရားစွဲဆိုခံထားရကြောင်း ရဲစခန်းမှူးက ပြောပါတယ်။
ကလေးမိခင်ကို ဒီအမှုရဲ့ နောက်ဆုံးအခြေအနေကို အကြောင်းကြားထားပြီး အထူး အရာရှိတွေက ပံ့ပိုးပေးနေပါတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters