မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကို စစ်ကောင်စီက စက်တင်ဘာ ၁၀ ရက်ကစပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၄,၀၀၀ ကျော် အရေးပေါ် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၅၀ တပ်က စစ်သားအင်အား ၁၂၀ လောက်က ပုံညာတောင်တန်းအတိုင်း ဂန့်ဂေါမြောက်ဘက်ကို ဦးတည် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်ကြောင်းတလျှောက်က လက်ပံ၊ ကျွဲနံ၊ တောင်လဲ၊ သာခေါင်၊ ကံသာ၊ ကံရွာ စတဲ့ကျေးရွာတွေက ဒေသခံ ၄,၀၀၀ ကျော် တိမ်းရှောင်နေကြရပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ရှောင်တွေဟာ စစ်ကြောင်းနဲ့ဝေးတဲ့ တောတောင်တွေမှာ ယာယီနေထိုင်ကြရပြီး စစ်ရှောင်ကာလ ၅ ရက်ကျော်ပြီ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာတွေလည်း လိုအပ်နေပါတယ်။
စစ်ရှောင်တွေဟာ ရာသီဥတုဒဏ်ကြောင့် တုပ်ကွေးဖြစ်ပွားနေကြပြီး တောတောင်တွေဟာ ဆေးခန်းတွေနဲ့ ဝေးကွာပြီး ကုသဖို့ ဆေးဝါးမလုံလောက်တဲ့အတွက် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးနဲ့ သက်ကြီးပိုင်း အမျိုးသမီးတဦးတို့ သေဆုံးခဲ့ကြရပါတယ်။
ကံရွာဒေသခံတဦးက “စားရေးသောက်ရေးကတော့ အကုန်တော့ အဆင်မပြေကြဘူး။ လက်လုပ်လက်စားသမားတွေဆို ပိုခက်ခဲတာပေါ့။ တတ်နိုင်တဲ့လူက မျှဝေစားသောက်ကြရတာပါပဲ။ ဆေးဝါးကတော့ အရမ်းလိုအပ်နေတယ်။ စစ်ကြောင်းက လမ်းမှာပျောက်နေတော့ ကျနော်တို့လည်း ရွာကို ပြန်မကပ်ရဲသေးဘူး” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းတွေကို အစဉ်မပြတ် နားစွင့်ပြီး စစ်ကြောင်းနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့အတွက် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။