Home
မြန်မာသတင်း
ကရင်နီစစ်ဘေးရှောင်ကျောင်းသားများအတွက် သင်ထောက်ကူပစ္စည်း လှူဒါန်း
DVB
·
September 15, 2023
Karenni IDP Kids EducationSupport Need 15092023

ကရင်နီ(ကယား)ပြည်နယ်အတွင်းက အလှူရှင်တွေ အရောက်နည်းတဲ့ စစ်ဘေးရှောင်စခန်း တခုမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေကို အောင်ပန်းမြို့ ပြောက်ကျားတပ်စု (Urban Task Force Aung Ban)က သင်ထောက်ကူပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

UTFA တပ်ဖွဲ့ဝင်တဦးက“ကျောင်းသား အယောက် ၁၀၀ အတွက် ကျောပိုးအိတ်၊ ပေတံ၊ ခဲဖျက်၊ ဘောပင် စတဲ့ စာရေးကိရိယာ သင်ထောက်ကူပစ္စည်းတွေအပြင် ကလေးတွေအတွက်လည်း အာဟာရဖြစ်စေမယ့် မုန့်တွေကို သွားရောက်ထောက်ပံ့ခဲ့ပါတယ်” လို့ ပြောပါတယ်။

အောင်ပန်းမြို့ပြောက်ကျားတပ်စုဟာ စစ်ရေးတာဝန်တွေ ထမ်းဆောင်နေသလို ပြည်သူ့အကျိုးပြု အလုပ်တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ တပ်ဖွဲ့တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

UTFA တပ်ဖွဲ့ဝင်ရဲဘော်တဦးက “ခုခံစစ်လည်း လက်ရှိ ဆင်နွှဲနေပါတယ်။ ကျနော်တို့တပ်က ရှမ်း-ကယားနယ်စပ်မှာ အခြေပြုထားတော့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကျနော်တို့ တတ်နိုင်သလောက် ကူညီနေပါတယ်။ အလှူတွေ သိပ်မရောက်တဲ့နေရာတွေမှာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ ခက်ခဲနေတာတွေကိုလည်း ကျနော် တတ်နိုင်သလောက် ကူညီသွားဖို့ လုပ်နေပါတယ်” လို့  ပြောပါတယ်။

အောင်ပန်းမြို့ပြောက်ကျားတပ်စုဟာ ရှမ်း-ကယားနယ်စပ်မှာ အခြေပြုပြီး မဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးတွဲကာ ကယား(ကရင်နီ)ပြည်အတွင်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေကို ခုခံတွန်းလှန်နေတဲ့ တပ်ဖွဲ့တခုဖြစ်ပါတယ်။ မိမိဒေသမှာ ပြန်လည် အခြေချ လှုပ်ရှားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024