Home
မြန်မာသတင်း
မွေးမြူရေးစားဖား တနိုင်တပိုင်မွေးမြူသူ များပြား
DVB
·
September 15, 2023
378799143_798796698917435_7416379245387586986_n

မွေးမြူရေးဖားတွေကို ပြည်တွင်းစားသုံးမှုများတာနဲ့ စျေးကွက်ရှိတာကြောင့် စားဖားမွေးမြူရေး တနိုင်တပိုင် လုပ်ကိုင်သူတွေ များပြားလာတယ်လို့ စားဖားမွေးမြူတဲ့သူတွေထံက သိရပါတယ်။

ဖားမွေးမြူရာမှာ နေရာဒေသမရွေး အကုန်မွေးမြူလို့ရပြီး ၃ လပိုင်းမှာ စတင် သားဖောက်ပါတယ်။ သားဖောက်ပြီး ၂ လသား၊ ၃ လသား တကောင်ကို အလေးချိန် ၁၅ ကျပ်သားကနေ ၂၀ ကျပ်သား ပတ်လည်ဆို စားသုံးလို့ရပါပြီလို့ ဖားမွေးမြူရေးလုပ်ကိုင်သူက ဆိုပါတယ်။

ဖားမွေးမြူသူတဦးက “လက်ရှိ တပိဿာကို ၁၂,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်ကြားရှိပါတယ်။ နွေလောက်မှရောင်းရင် စျေးပိုရပါတယ်။ လက်ရှိ ဖားကောက်တဲ့ဒိုင်တွေရှိတယ်၊ အဲ့ကိုပြန်သွင်းတယ်” လို့ ပြောပါတယ်။

ဖားတွေကို အစာကျွေးရာမှာ ငါးစာနဲ့ ဖားစာ နှစ်မျိုးလုံးကျွေးလို့ရပြီး အစာအိတ်တအိတ်ကို ပျမ်းမျှ ကျပ် ၇၇,၀၀၀ ပေးရတယ်လို့ သိရပါတယ်။

စားသောက်ဆိုင်နဲ့ နီးစပ်သူတဦးက “စားဖားက အရင်ကဆို မိုးတွင်းပဲရောင်းရတယ်။ ခုလို မွေးမြူသူတွေများလာတော့ ဆိုင်မှာ အမြဲရောင်းရတယ်” လို့ ပြောပါတယ်။

ဖားအထီးမှာ အမထက် သေးငယ်ပြီး ဖားမွေးမြူရေးကန်တကန် (၁ စတုရန်းမီတာ အရွယ်အစား) မှာ ဖားအကောင်ရေ အကောင် ၅၀ မှ ၁၀၀ ထိ မွေးနိုင်ပါတယ်။

အရင်က စားဖားတွေကို လယ်ကွင်းတွေမှာသာ ရှာဖွေဖမ်းဆီး ရောင်းချခဲ့ရာက ပြည်တွင်းမှာ ဖားစားသုံးသူ များပြားတဲ့အတွက် စားဖားမွေးမြူရေး တနိုင်တပိုင်တွေ မြန်မာပြည်အနှံ့မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024