ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က နိုင်ငံတော်ဆူပူအောင်လှုံဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅-က နဲ့ တရားရင်ဆိုင်နေရတဲ့ ဒေသခံ ၂ ယောက်ကို စက်တင်ဘာ ၁၅ ရက်မှာ ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသူတွေဟာ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာက ကိုဇော်မိုးထက်နဲ့ ခေါင်းတုတ်ကျေးရွာက ဦးကျော်သန်းမောင် ဖြစ်ကြပြီး ၂၀၂၂ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ကျောက်တော်မြို့အဝင် စစ်ကောင်စီတပ်ဖွဲဝင်တွေက ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။
ကိုဇော်မိုးထက်ရဲ့ ဖခင်ဖြစ်သူ ဦးစံလှကျော်က "ဒီနေ့မှာ ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ ချုပ်ရက်တွေကိုတော့ ထည့်ခံစားခွင့်ရှိပါတယ်။ လောလောဆယ် ဘယ်ထောင်ကို ပြောင်းမယ်ဆိုတာ မသိရသေးဘူး။ အခုလို ချမှတ်လိုက်တော့ လွတ်မြောက်မယ့်ရက်က လပိုင်းပဲလိုတော့တယ် " လို့ပြောပါတယ်။
ကိုဇော်မိုးထက်နဲ့ ဦးကျော်သန်းမောင်တို့ကို ကျောက်တော်အခြေစိုက်တပ်ရင်းတစ်ခုက ဗိုလ်ကြီးဝေယံဦးက တရားလိုလုပ်ပြီး ကျောက်တော်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ထောင်ဒဏ်ချမှတ်ခံရသူတွေများလာပြီး နိုင်ငံရေးအရ ဖိနှိပ်မှုဖြစ်တယ်လို့ ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးကပြောပါတယ်။
"ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက တရားစွဲဆိုထားသူတွေကို အခုရက်ပိုင်း ထောင်ချတာတွေ တွေ့လာရတယ်။ ဒါဟာ စစ်ကောင်စီဖက် နိုင်ငံရေးအရ ချိုးဖောက်တာဖြစ်သလို သတိထား စောင့်ကြည့်ရမယ့် အခြေအနေတွေလည်းဖြစ်လာတယ်။ ငြိမ်းချမ်ရေး သွားချင်တယ်ဆိုရင် စစ်ကောင်စီဘက်က ဒီလူတွေကို လွှတ်ပေးရမယ်။”
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က တို့နဲ့ ထောင်ချခံရသူ ၅ ဦးအထိရှိလာပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ စစ်တွေမြို့နယ်က နှစ်ဦး၊ ကျောက်တော်မြို့နယ်က ၂ ဦးနဲ့ အမ်းမြို့နယ်က တစ်ဦးတို့ဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရှိသူ ဦးခိုင်သုခက ဖေဖော်ဝါရီ ၂၇ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေထဲက ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာပြီး ၂၀၃ ဦးမှာ တရားစွဲဆိုခဲ့ပါတယ်။
တရားရင်ဆိုင်နေရတဲ့ ၂၀၃ ဦးအထဲက မတရားအသင်း ၁၇(၁)(၂)နဲ့ ရင်ဆိုင်နေရသူ ၆၁ ဦးကို သြဂုတ် ၂ ရက်က လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်ပေးခဲ့ပြီး ၁၄၂ ဦးမှာ ဖမ်းဆီးတရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။