ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပုဒ်မအမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရသူတချို့ဟာ အမိန့်ချမယ့်ရက်မှာ ရုံးချိန်းတွေ အကြိမ်ကြိမ်ရွှေ့ဆိုင်းခံနေရတယ်လို့ တရားရင်ဆိုင်နေရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အပြီးသတ်အမိန့်ချမယ့်အချိန်ကို ရောက်နေပေမဲ့ အမိန့်မချဘဲ ခုလိုရုံးချိန်းတွေပဲ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေတဲ့အတွက် နစ်နာမှုတွေရှိတယ်လို့ ပုဒ်မ ၁၇ (၁) အမှုနဲ့ တရားရင်ဆိုင်နေရတဲ့ အမ်းက ဦးအောင်တင်မြင့်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
"အမှုကို စစ်ဆေးပြီးစီးတာက တနှစ်နီးပါးတောင်ရှိတော့မယ်။ ခုထိ အမိန့်မချနိုင်သေးပါဘူး။ ဒီအတိုင်း ရုံးချိန်းတွေ ဆက်တိုက်တက်၊ ဘာမှမထူးတော့ တရားစွဲဆိုခံနေရသူတွေဘက်က နစ်နာပါတယ်" လို့ ပြောပါတယ်။
နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ကျောက်တော်က လူထုဇော်ဝင်းအပါအဝင် ၃ ဦးအမှုမှာလည်း အမိန့်ချမယ့်ရက် အကြိမ်ကြိမ် ရွှေ့ဆိုင်းခံနေကြရဆဲဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မတို့နဲ့ စွဲဆိုခံထားရတဲ့ မြောက်ဦးမြို့နယ်က ကိုကျော်ဝင်းလှိုင်နဲ့ ကိုပြည့်စုံဝင်းတို့ရဲ့ အမှုမှာလည်း ပုဒ်မ ၅၀၅(က) တခုသာ စစ်ဆေးပြီးစီးသေးတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တကျော့ပြန်တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်းစီဘက်ကနေ လူအရေအတွက် ၆၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး ၃၉၁ ဦးသာ ပြန်လွတ်တယ်လို့ ရက္ခိုင့်တပ်တော်က ပြောထားပါတယ်။
သြဂုတ် ၁ ရက်က စစ်ကောက်စီရဲ့ အကျည်းသားတွေ လွတ်ငြိမ်းချမ်းသားခွင့်ပေးတဲ့အထဲမှာ AA နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ ၆၁ ဦးကို လွှတ်ပေးခဲ့ပြီး ရက္ခိုင့်တပ်တော်ဘက်ကတော့ စစ်ကောင်စီအနေနဲ့ ကျန်နေတဲ့သူတွေကိုလည်း လွှတ်ပေးဖို့ လိုအပ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။