Home
မြန်မာသတင်း
လက်ယက်ကုန်းစာသင်ကျောင်း တိုက်ခိုက်ခံရမှု ၁ နှစ်ပြည့်၊ သေဆုံးခဲ့ရသူများအတွက် တရားမျှတမှု တောင်းဆို 
DVB
·
September 15, 2023
379170683_321100653751812_3433871264682233981_n

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ အလယ်တန်းကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ် ၁ နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းမှတ် ဒီကနေ့ကျင်းပပြီး  သေဆုံးသွားသူတွေအတွက် တရားမျှတမှု ရရှိရေး ရွာသားတွေက တောင်းဆိုလိုက်ပါတယ်။ 

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးအထိ သေဆုံးခဲ့တာဖြစ်ပါတယ်။

အခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ တနှစ်ပြည့်မှာဖြစ်ပေမဲ့ စစ်ကောင်စီတပ်ရဲ့ ရန်ကို ကြောက်လို့ ဒီနေ့မှာ တရက်စောပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အစီအစဉ် ပြုလုပ်ခဲ့တာလို့ လက်ယက်ကုန်း ဒေသခံက ပြောပါတယ်။

လက်ယက်ကုန်းရွာသားတဦးက “ကျနော်တို့ လက်ယက်ကုန်းရွာက အလယ်တန်းကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ပစ်ခတ်တာ တနှစ်ပြည့်ခဲ့ပါပြီဗျ။ အခုလို တနှစ်ပြည့်အတွက် တရက်ကြိုတင် လုပ်ရတာကလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်လာမှာကို ကြောက်လို့ အခုလို တရက်ကြိုလုပ်ရတာပါဗျ။ အဲဒီ တနှစ်ပြည့်တဲ့နေ့မှာ ရွာကလူတွေ စုပေါင်းပြီး လွမ်းသူ့ပန်းခွေချ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့တယ်ဗျ။ အခုလို ပြုလုပ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ကို ပြောချင်တာကတော့ အများကြီးပဲ။ ပြောလို့ တောင်ကုန်မှာ မဟုတ်ပါဘူး။ အဓိကတော့ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းက‌‌နေ တိုက်ခိုက်တာ ချက်ချင်း စစ်ကောင်စီအနေနဲ့ ရပ်တန့်‌‌ပေးဖို့ရယ်၊ ကျနော်တို့ လက်ယက်ကုန်းနဲ့ ပဇီကြီးကျေးရွာအတွက် လေကြောင်းတိုက်ခိုက်မှု တရားမျှတမှု အမြန်ဆုံးလိုချင်တယ်။ နောက်ပြီး ကျနော်တို့ လက်ယက်ကုန်းက ပြည်သူတွေကတော့ စစ်ကောင်စီတပ်အပေါ် လုံးဝမကျေနပ်ဘူး။ တာဝန်ရှိသူတွေအနေနဲ့ ကျနော်တို့ လက်ယက်ကုန်းအတွက် အမြန်ဆုံး တရားမျှတမှု လုပ်‌ေပးကြပါလို့ နောက်ဆုံးပြောချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေ ရှိတယ်လို့ သတင်းရရှိတာကြောင့် လက်ယက်ကုန်းကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ လုပ်ရပ်ကို ဝန်ခံခြင်းမရှိဘဲ မဟုတ်မမှန်တွေ ပြောဆိုရှင်းလင်း သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ယက်ကုန်းရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အနေနဲ့ ထိခိုက်သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024