လက်ရှိရောင်းချနေတဲ့ ဧည့်မထဆန်တွေကို ကုန်သည်တွေက ဆန်ကွဲတွေနဲ့ ရောနှော ရောင်းချနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဆန်ဈေးနှုန်း တည်ငြိမ်စေဖို့အတွက် တပြည်ကို ကျပ် ၂,၅၀၀ နဲ့ ရောင်းချပေးနေတဲ့ ဧည့်မထဆန်တွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အရည်အသွေးပြည့်မီတဲ့ဆန်တွေ ချထားပေးပေမဲ့ ကုန်သည်တွေက အမြတ်အစွန်း မရတာကြောင့် ဆန်ကွဲတွေနဲ့ ရောနှော ရောင်းချနေတာ ဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဘုရင့်နောင်မှာ သွားစစ်တော့ အိတ် ၁,၀၀၀ လောက်ရှိတယ်။ တချို့အိတ်တွေကတော့ ဈေးကွက်ထဲ ရောက်သွားပြီ။ ရွှေလင်ဗန်းစက်မှုဇုန်မှာလည်း အိတ် ၃,၀၀၀ လောက် မိသေးတယ်။”
ဒီလို ဆန်ကွဲအရောတွေကို စစ်ဆေးဖမ်းဆီးရမိပေမဲ့ ကုန်သည်တွေဟာ အရေးယူမခံရဘဲ သတိပေး ပြောဆိုတာလောက်ပဲ ဆန်စပါးအသင်းချုပ်က ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ ဈေးကွက်ထဲကိုရောက်နေတဲ့ ဆန်ကွဲရော ဧည့်မထဆန်တွေကို ရရှိထားတဲ့ ဆိုင်တွေဟာ ထုတ်ရောင်းဖို့အတွက် အခက်အခဲတွေ ဖြစ်နေတာကြောင့် အရောင်းရပ်ထားရတယ်လို့လည်း ဆန်ဆိုင်တွေထံက သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ ဆန်ရောင်းနေသူတဦးက “ဒီဆိုင်က ဆန်ကွဲတွေနဲ့ရောပြီး ရောင်းနေပါတယ်လို့ ပြည်သူတိုင်ရင် ကျနော်တို့က အဖမ်းခံရမှာ။ ဘယ်ကုန်သည်ဆီကလာတယ် ဆိုတာလည်း မသိရဘူး။ အခုက အမြတ်လည်းမရ၊ အရင်းလည်းရှုံးနေတယ်” လို့ ပြောပါတယ်။
တပြည်ကို ကျပ် ၂,၅၀၀ နဲ့ ရည်ညွှန်းဈေးသတ်မှတ်ကာ ရောင်းချနေရတဲ့ ဆန်ဆိုင်တွေဟာ ဝယ်ဈေး ကျပ် ၂,၅၀၀၊ ရောင်းဈေး ကျပ် ၂,၅၀၀ နဲ့သာ ပြန်လည်ရောင်းချနေရတာကြောင့် အမြတ်မရှိသလို ပို့ခအဖြစ် တအိတ်ကို ကျပ် ၅၀၀ ပေးနေရတာကြောင့် အိတ်ရေ ၁၀၀ ရောင်းရတဲ့ဆိုင်တွေဟာ ပို့ခ ကျပ် ၅၀,၀၀၀ လောက် အရှုံးပေါ်နေကြပါတယ်။